စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် စစ်ကောင်စီရင်ကွဲတောင် တပ်စခန်းအနီး၊ ထီဖိုးစံကျေးရွာအပိုင် ကော့ဖန်ရရွာ၌ စက်တင်ဘာ ၅ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် နွားကျောင်းနေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ဓားထောက်ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေသည်ဟု ရွာသားများက ပြောသည်။
အဆိုပါ ကျေးရွာအပြင်ဘက်ရှိ တောစပ်အနီးတွင် နွားကျောင်းနေသည့် အသက် ၁၅ နှစ်နှင့် အသက် ၁၃နှစ်အရွယ် ညီအစ်မနှစ်ဦးအနက် အငယ်ဖြစ်သူညီမကို ဗမာစကားပြော သူစိမ်းတစ်ဦးက ဓားထောက် ခေါ်ဆောင်သွားကာ တောထဲသို့ဝင်ရောက် ပျောက်ကွယ်သွားပြီးနောက် ယနေ့ စက်တင်ဘာ ၆ ရက်နေ့ သတင်းရေးသားနေချိန်ထိ ကျေးရွာလူထုများ အပူတပြင်း ဝိုင်းဝန်းရှာဖွေသော်လည်း ပြန်လည်ရှာဖွေမတွေ့ရှိသေးဟု အဒေါ်တော်စပ်သူက ယခုလိုပြောသည်။
“ညီအစ်မနှစ်ယောက်လုံး နွားသွားကျောင်းတာ၊ အဲမှာ သူစိမ်းတဦးသူတို့နားလာပြီး သူ့ညီမကို ဓားထောက်ပြီး ခေါ်သွားတာ။ အစ်မဖြစ်သူကတော့ သူ့ညီမကိုမခေါ်နဲ့လို့ ပြောပေမယ့်လည်း နင့်နွားတွေကို မောင်းပြီး ပြန်လိုက် မလိုက်လာနဲ့ ပြောတော့သူ့အစ်မက ကြောက်ကြောက်နဲ့ နွားတွေကိုပြန်မောင်းပြီးပြန်လာတာ။ ပြန်လာတာ နွားတွေလည်း ပြန်မောင်းလာရတော့ အချိန်နည်းနည်းကြာသွားတယ်။ အနီးအနားလယ်တဲ တစ်လုံးဆီမှာ လူရှိတော့ သူ့ညီမကို လူတစ်ယောက်ခေါ်သွားတယ်ဆိုပြီး သွားပြောပြတော့ အဲဒီကလူတွေ သွားရှာတာ မတွေ့တော့ဘူး။ အခုထိ ပြန်ရှာလို့မတွေ့သေးဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုကျေးရွာအနီးရှိ စစ်ကောင်စီရင်ကွဲတောင်တပ်စခန်း၌ ယခုရက်ပိုင်းအတွင်းက စစ်ကောင်စီ တပ်သားနှစ်ဦး ထွက်ပြေးသွားခြင်းရှိသည်ဟု သတင်းကြားရသည့်အတွက် ထိုသို့ ဖမ်းဆီးခေါ်သွား သူသည် တပ်ပြေးများဖြစ်နိုင်သည်ဟု ဒေသခံများသုံးသပ် ပြောဆိုလျက်ရှိသည်။
“ဒီမနက် အဲဒီတောမှာသွားရှာတော့ ရော်ဘာခြံတဲတစ်လုံးမှာ လူနေထိုင်သွားတာကိုတွေ့တယ်။ ကြက်ကင်စားသွားတာ ခြေရာတွေကျန်တာတွေ့တယ်။ ကြည့်လိုက်တဲ့ပုံက နေသွားတာသိပ် မကြာသေးဘူး။ ပြီးတော့ ဓားထောက်တဲ့သူက ကင်းဘတ်ဖိနပ်ဝတ်ထားတယ်။ အင်္ကျီအကွက်ရယ် ဘောင်းဘီတိုရယ်။ နောက်ပြီး သူသုံးတဲ့ ဓားက ရွာမှာသုံးတဲ့ဓားမဟုတ်ဘူး။ ဓားက တိုတိုချွန်ချွန် တစ်ဖက်က ဓားသွားအထစ်လိုက်ရှိတယ်။ စစ်သားတွေ သုံးတဲ့ ဓားလို။ ကျမတို့လည်း ဗမာစကားသိပ်မတတ်ဘူး၊ တပ်စခန်းအနီးမှာလည်း သွားမရှာရဲဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ပျောက်ဆုံးသူမိန်းကလေးငယ်သည် အသက် ၁၃ နှစ်အရွယ် နန်းပေပေ့ (နာန်.ပေဝ်ပေဝ့်)ဖြစ်သည်။ ရွာအနီးနားတောနှင့် ရော်ဘာခြံနေရာအားလုံးတွင် ကျေးရွာလူထုများမှ လိုက်ရှာသော်လည်း မတွေ့ ရှိသလို ကျန်ရှိသည့် စစ်ကောင်စီရင်ကွဲတောင်တပ်စခန်းအနီးသို့ သွားရှာလိုသော်လည်း ဒေသခံများက ကြောက်လန့်၍ မသွားရှာရဲ ဖြစ်နေသည်ဟု ကနဦး သိရသည်။



















