Home သတင်း ဧရာဝတီတိုင်းအတွင်း တိမ်းရှောင်လာသည့် ရခိုင်စစ်ရှောင်များ အကူအညီလိုအပ်နေ

ဧရာဝတီတိုင်းအတွင်း တိမ်းရှောင်လာသည့် ရခိုင်စစ်ရှောင်များ အကူအညီလိုအပ်နေ

726
Photo: CJ

စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းတွင် လာရောက်ခိုလှုံကြသည့် ရခိုင်ပြည်နယ်များမှ ဒေသခံအများအပြားသည် လက်ရှိတွင် အခက်အခဲကြုံလာရပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းတို့ကို ကူညီစောင့်ရှောက်ထားသည့် ဧရာဝတီတိုင်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)မှ နယ်မြေသိမ်း စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် စစ်ကောင်စီ နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် ဧရာဝတီတိုင်းနှင့် နီးစပ်သည့် ရခိုင်ပြည် နယ်တောင်ပိုင်း သံတွဲမြို့နယ်နှင့် ဂွမြို့နယ် မှ ဒေသခံအများစုသည် စစ်ကောင်စီ၏ ပိတ်ပင် တားဆီးမှု များကြားက အခက်အခဲမျိုးစုံဖြင့် ဝင်ရောက်လာခဲ့ကြရကာ လက်ရှိတွင် စားသောက်နေထိုင်ရေးအတွက် ခက်ခဲလာကြကြောင်း ကျောင်းကုန်းမြို့နယ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ပြေးလာတဲ့သူတွေထဲမှာ ရှိတဲ့သူရှိတယ်၊ မရှိတဲ့သူက မရှိဘူး။ အခုက တစ်လလောက်ကြာ လာပြီး ဆိုတော့ ခက်ခဲလာကြတာပေါ့။ ကျနော်တို့ကတော့ တတ်နိုင်သလောက် ကျွေးမွေးစောင့်ရှောက် ထား တာပေါ့။ ကျနော့် နယ်မှာဆိုရင်ပဲ အယောက် ၅၀ ကျော်ရှိတယ်။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များသည် ကျောင်းကုန်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတ နှင့် ကျုံပျော် အစရှိသည့် ဒေသများသို့လာ ရောက်ထွက်ပြေးခိုလှုံလာကြခြင်းဖြစ်ပြီး နယ်မြေခံ ဒေသခံ များက ကျေးရွာ နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကူညီစောင့်ရှောက်ထားရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ရှောင်များသည် မိမိဒေသမဟုတ်သည့်အတွက် လုပ်ကိုင်စားသောက်ရန် အဆင်မပြေကြ၍ လတ်တ လောတွင် စားသောက်ရေးအတွက် အကူအညီများလိုအပ်ချက်ရှိနေပြီး ဒေသခံများအနေဖြင့် လည်း ကျေးလက်နေလက်လုပ်လက်စားများဖြစ်၍ ရေရှည်ကူညီစောင့်ရှောက်နိုင်ရန် စိန်ခေါ်ချက်ရှိကြောင်း ဆိုသည်။

နယ်မြေခံ စစ်ကောင်စီများကလည်း ထိုထွက်ပြေးခိုလှုံလာသည့် ရခိုင်စစ်ဘေးရှောင်များကို အကူအညီ ပေးခြင်းမရှိသည့်အပြင် နယ်မြေအတွင်း ဝင်ခွင့်မပေးကြောင်း၊ ဝင်ရောက်လာသူများထံမှ ပါလာသည့် ငွေကြေးများကို အကုန်သိမ်းယူပြီးမှ ဖြတ်သန်းခွင့်ပေးသည့် ဖြစ်စဉ်များလည်းရှိကြောင်း အခြေအနေကို သိရှိသည့် ဒေသခံများက ပြန်လည်ပြောပြသည်။

ထို့အပြင် ရခိုင်စစ်ရှောင်များအနေဖြင့် ရပ်တည်ရေးခက်ခဲလာသည့်အတွက် အချို့မှာ ရန်ကုန်မြို့ပေါ်သို့ ပြောင်းရွှေ့ကာ မိသားစု စားဝတ်နေရေးအတွက် အလုပ်သွားရောက် လုပ်ကိုင်ကြသူများလည်းရှိပြီး ၎င်းရခိုင်ပြည်သူများကို စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်း၏ ခွဲခြားဆက်ဆံမှုနှင့် ဖယ်ကျဉ်ခံရမှုများလည်း ရှိနေကြောင်း ရခိုင်စစ်ရှောင် များက ဆိုသည်။

အမည်မဖော်လိုသူ နောက်ထပ် ဒေသခံတစ်ဦးကလည်း “ထမင်းစားရဖို့အရေး အလုပ်အကိုင် လုပ်ရင်း ပေါ့ကွာ။ ထမင်းစားရရင်ပြီးရောဆိုပြီး ရန်ကုန်မြို့ပေါ် တက်ပြီး အလုပ်လုပ်မယ်ပေါ့။ ဒါပေမဲ့ တချို့နေရာ တွေကျတော့ ရခိုင်တွေကို အရေးမပေးဘူး။ သူတို့ လက်ခံထားတဲ့ လက်ရှိအစိုးရကို တော်လှန်နေတဲ့ ရခိုင်နယ်က ရခိုင်တွေကို ရခိုင်လို့ပဲ မြင်ကြတာ။ ခွဲခြားဆက်ဆံခံရတာပေါ့။ ရန်ကုန် နဲ့ တခြားမြို့ကြီးတွေမှာဖြစ်တာ။” ဟု ပြောသည်။

လတ်တလောတွင် ရခိုင်အပါအဝင် ရှမ်းမြောက်ဒေသ နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် တိုက်ပွဲပြင်းထန်ပြီး အခြေစိုက်စခန်းနှင့် မြို့ရွာအများအပြား လက်လွတ်ဆုံးရှုံးလိုက်ရသောကြောင့် စစ်ကောင်စီအနေဖြင့် (၁၁)မျဉ်းစောင်း၊ (၁၃)မျဉ်းစောင်း နှင့် (၈)မျဉ်းစောင်း မှတ်ပုံတင်ကိုင် ဆောင်သူများကို အဓိက စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ၎င်းအပြင် အလုပ် လုပ်ကိုင်ခွင့်နှင့် ခရီးသွားလာခွင့်များကိုပါ ကန့်သတ်ပိတ်ပင်တားမြစ်မှုများရှိနေကြောင်း သတင်း များကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။

အလားတူ ဧရာဝတီတိုင်းအတွင်း ထွက်ပြေးခိုလှုံလာသည့် စစ်ဘေးရှောင်အချို့ကိုလည်း စစ်ကောင်စီ၏ လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံဖမ်းဆီးသည့် သတင်းများလည်း ထွက်ပေါ် လာခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက ကျုံပျော်မြို့နယ်အတွင်းရှိ ရခိုင်စစ်ရှောင်အပါအဝင် လူဦးရေ ၉၀ နီးပါး ဖမ်းဆီးခံလိုက်ရသည့် သတင်းများလည်းထွက်ပေါ်လာခဲ့သေးသည်။

လက်ရှိတွင်လည်း သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ် စခန်းကို အာရက္ခတပ်တော်-AA က ယခုလ ၄ ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သံတွဲတစ်မြို့နယ်လုံး AA လက်ထဲ ကျရောက်သွားပြီးဖြစ်သည်။ နောက်ထပ် ဂွမြို့နယ်ကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ၍ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

အလားတူ စစ်ကောင်စီဘက်ကလည်း ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်၍ ရခိုင်ပြည်နယ်နှင့်အစပ်မြို့များဖြစ်သည့် ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတ၊ မြန်အောင် နှင့် ကြံခင်းမြို့နယ် များတွင် ဝင်ရောက်တပ်စွဲနေရာယူကာ စစ်ရေးပြင်ဆင်ထားမှုများရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။