Home သတင်း အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး မုဒိန်းမှုကျူးလွန်ခံရမူ အဆောင်မှူးက ခြိမ်းခြောက် ဖုံးဖိထားကြောင်း PPNM ပြော

အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး မုဒိန်းမှုကျူးလွန်ခံရမူ အဆောင်မှူးက ခြိမ်းခြောက် ဖုံးဖိထားကြောင်း PPNM ပြော

128
Photo: Reuters

စက်တင်ဘာ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ်(၁၀)နှစ် ကျခံနေသော အသက် (၂၅)နှစ်အရွယ် နိုင်ငံရေး အကျဥ်းသား တစ်ဦးမုဒိန်းမှုကျူးလွန်ခံခဲ့ရသည့်ဖြစ်စဥ်အပေါ် တာဝန်ရှိအဆောင်မှူးက သတင်းဖုံးဖိခြိမ်း ခြောက်ထား ကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ထုတ်ပြန်ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၂၀)ရက်နေ့က အကျဥ်းထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် နိုင်ငံရေးအကျဥ်းသားအား မုဒိန်းမှုဖြင့်ထောင်ဒဏ်ကျခံနေရသည့် အကျဥ်းသား ခန်းလူကြီး ဦးဇင်မျိုးကိုက ကိုယ်ထိလက်ရောက် အကြမ်းဖက်၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် သည်ဟု PPNM က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်အပေါ် အဆောင်မှူးကိုအောင်ကျော်ဆင့်က ကျူးလွန်သူအား အပြစ်ပေး အရေးယူခြင်း မရှိသည့်အပြင် သတင်းပေါက်ကြားပါက ကျူးလွန်ခံရသူအပါအဝင် နှစ်ဦးလုံးအား တိုက်ပိတ်အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ဖုံးဖိခဲ့သည်ဟု PPNM က ဆိုသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ထောင်ထဲကသတင်းကိုဖုံးဖိထား‌တော့ ကျနော်တို့ ဖော်ထုတ်ဖို့ကြိုးစားတာ ဆယ်ရက်ကျော်လောက်အချိန်ယူလိုက်ရတယ်။ ကျူးလွန်ခံရတဲ့သူက ဒီအတော အတွင်းမှာ စိတ်ရောကိုယ်ပါ ဒဏ်ရာအနာတရရှိခဲ့တယ်။ အခုလည်း တီဘီရောဂါနဲ့ သူ့မှာဆေးကုမှုယူ နေရတုန်း ဆိုတော့ ကျန်းမာရေးကမသက်သာဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အကျဥ်းဆောင်မှူး ကိုအောင်ကျော်ဆင့်သည် ၎င်းတာဝန်ယူအုပ်ချုပ်သည့်အဆောင်အတွင်း အကျဥ်းသားများထံမှ အခကြေးငွေယူပြီး ဖိနှိပ် ခွဲခြားဆက်ဆံမှု၊ လာဘ်ယူထားသည့် အကျဥ်းသားများထံ အာဏာပေး အုပ်ချုပ်ခိုင်းစေမှု၊ နိုင်ငံရေးအကျဥ်းသားများအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း PPNM က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPNM အနေဖြင့်လည်း ထောင်အတွင်း အကျဥ်းသားအခွင့်အရေးချိုးဖောက် ကျူးလွန်နေကြသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူနိုင်ရေး ကြိုးပမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏အကြီးဆုံး အကျဥ်းထောင်တစ်ခုဖြစ်သည့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားများအား စစ်ကောင်စီက ထောင်ပြောင်းရွှေ့မှုမကြာခဏ လုပ်ဆောင်လေ့ရှိသလို အကျဥ်းသားများအပေါ် အကြမ်းဖက်ရိုက်နှက်မှုများ ပြုလုပ်ခြင်းကြောင့်လည်း နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသည်။

ထို့အပြင် အကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများမှာ ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှု ပိုခံရပြီး PPNM ကဲ့သို့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်း သူများအရေးဆောင်ရွက်သည့် အဖွဲ့များမှ ထောင်တွင်းအခွင့်အရေးချိုးဖောက်မှုအပေါ် စောင့်ကြည့်တောင်းဆိုနေသော်လည်း ဖိနှိပ်ခွဲခြားမှုများမှာ အကျဥ်းထောင်အတွင်း ဆက်လက်ဖြစ်ပွားနေကြောင်း ထောင်အတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအရ စစ်တပ် အာဏာ သိမ်းမှုနောက်ဆက်တွဲကြောင့် တစ်နိုင်ငံလုံးရှိအကျဥ်းထောင်များတွင် ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေးအကျဥ်းသား၊ သူ (၉,၀၀၀)ကျော်ရှိသည်။