Home သတင်း မြဝတီနှင့် ကော့သောင်းတွင် နယ်စပ်ဖြတ်ကျော်မည့် အမျိုးသားများကို တင်းကြပ်စွာ စစ်ဆေးနေ

မြဝတီနှင့် ကော့သောင်းတွင် နယ်စပ်ဖြတ်ကျော်မည့် အမျိုးသားများကို တင်းကြပ်စွာ စစ်ဆေးနေ

100
Photo: CJ

စက်တင်ဘာ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်ကော့သောင်းမြို့တို့တွင် တရားဝင်နယ်စပ် ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ် ကျော်မည့် လူငယ်အမျိုးသားများကို တင်းကြပ်စွာစစ်ဆေးနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လူငယ်များက ပြော သည်။

မြဝတီမြို့မှ မဲဆောက်သို့ အလည်အပတ်ဗီဇာနှင့် ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် သွားလာမည့် လူငယ်များအနေဖြင့် မဲဆောက်မြို့၌ နေထိုင်ပြီး အထောက်အထား ပြည့်စုံသူ တစ်ဦးက အာမခံပေး မှသာ ဖြတ်သန်းခွင့်ရမည်ဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့သူ လူငယ်တစ်ဦးက ယခုလိုပြောသည်။

“၇ ရက်ကဒ်နဲ့ပဲဖြစ်ဖြစ် အလည်ဗီဇာနဲ့ပဲ ဖြစ်ဖြစ် မဲဆောက်မြို့က အာမခံပေးမဲ့သူရှိလား။ လာခေါ်တဲ့သူက ဘယ်မှာ နေလဲကအစ မေးတာတွေရှိတယ်။ အဲ့လိုအာမခံပေးသူက လာခေါ်မှ ဖြတ်လို့ရတယ်။ အရင်ကထက် ပိုပြီးတင်းကြပ်လာတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့သောင်းမြို့ နှစ်နိုင်ငံ နယ်စပ်ဂိတ်၌ စက်တင်ဘာ ၂ ရက်နေ့ တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ် အရွယ် အမျိုးသားအများစုကို စစ်ကောင်စီ၏ ဌာနဆိုင်ရာ အဖွဲ့အစည်းများက ဖြတ်သန်းခွင့် ပိတ်ခဲ့ပြီးနောက် စစ်တင်ဘာ ၃ ရက်နေ့တွင် ဖြတ်သန်းခွင့် ပြန်ပြုခဲ့သော်လည်း တင်းကြပ်စွာ စစ်ဆေးနေသည်ဟု ကော့သောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အလည်အပတ်ဗီဇာ (PV)နဲ့ သွားမယ်ဆိုရင် ဘယ်သွားဖို့၊ ဘာလုပ်ဖို့ဆိုတာ ဆိုတာထက် နိုင်ငံရေး နဲ့ပတ်သက်တဲ့ အကြောင်းတွေကို ပိုပြီးမေးတယ်။ ဥပမာ PDF ကိုသိလားတို့ ဘာတို့ပေါ့။ အများစုက PV နဲ့ လာပြီး ထိုင်းနိုင်ငံထဲ ရောက်ရင် အလည်အပတ်ဗီဇာကိုပေးသေပြီးတော့ ထိုင်းနိုင်ငံထဲမှာ နေလိုက်ကြတာများတော့ ပိုပြီးစစ်ဆေးတာ လည်းပါတယ်။ သေသေချာချာမပြောနိုင်ရင် နယ်စပ် ပေးမဖြတ်ပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို လူငယ်အမျိုးသားများကို စစ်ဆေးမှုတင်းကြပ်သော်လည်း လူငယ်အမျိုးသမီးများကို အသက်အရွယ်မရွေး ဒေသမရွေး နယ်စပ်ဖြတ်ကျော်ခွင့် ပြုထားကြောင်း သိရသည်။ ထို့သို နယ်စပ်ဖြတ်ကျော် သွားလာရာတွင် ယခင်က ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP)၊ နှစ် နှစ်သက်တမ်းရှိ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်(BP)နှင့် ပတ်စ်ပို့ တမျိုးမျိုး ကိုင်ဆောင်ထားသူများကို ဖြတ်သန်းသွားလာခွင့် ပြုကြောင်း သိရသည်။

လက်ရှိတွင် စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်သည့် လူငယ်များကို ပြည်ပထွက်ခွာခွင့် ကန့်သက်မှုအမျိုးမျိုး စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်များကြား နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီဘက်က တပ်အင်အားယုတ်လျော့လာသောကြောင့် ယခုလို စစ်မှုမထမ်းမနေရ ဥပ‌ဒေကိုနည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း မွန်ပြည်သစ်ပါတီ (MNSP- AD)မှ ပြောရေးဆိုခွင့်ရှိသူ ဆရာနိုင်ဗညားမွန်က သုံးသပ်ပြောဆိုသည်။