Home သတင်း ပြည်နယ်နှင့် တိုင်း ၄ ခု၏ ခရီးသွားများကို ဖားအံ-မြဝတီ လမ်းပိုင်းတွင် စစ်ဆေးမှုများလာ

ပြည်နယ်နှင့် တိုင်း ၄ ခု၏ ခရီးသွားများကို ဖားအံ-မြဝတီ လမ်းပိုင်းတွင် စစ်ဆေးမှုများလာ

132
Photo: CJ

စက်တင်ဘာ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြည်နယ်နှင့် တိုင်း ၄ ခု၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်ထားသူ ခရီးသွားများကို ဖားအံ-မြဝတီ လမ်းပိုင်းတွင် စစ်ဆေးမှုများပြားလာသည်ဟု ခရီးသွားများက ပြောသည်။

အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စီနှင့် BGF အချို့ဂိတ်များ၊ ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ စစ်ဆေးရေးဂိတ်များတွင် ရခိုင်နှင့် ရှမ်းပြည်နယ်၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ နိုင်ငံသား စိစစ်ရေးကဒ်ပြား ကိုင်ဆောင် ထားသူများကို စစ်ဆေးကာ တင်ဆောင်လာသည့် ကားသမားများ ကိုလည်း ဂိတ်ကြေးများပြားစွာကောက်ခံသည်ဟု ခရီးသည်တင်ကားမောင်းသူတဦးက ယခုလိုပြောသည်။

“မြဝတီ၊ ဖားအံ လမ်းတစ်လျှောက်မှာက မှတ်ပုံတင် ၁၃ / ရှမ်းပြည်၊ ၁၄ / ဧရာဝတီတို့ နောက်ပြီး စစ်ကိုင်းတို့ ရခိုင်ဘက်ကဆိုရင်စစ်ပြီး၊ ဘာကိစ္စ လာတာလဲ ၊ အထောက်အထားအစုံ ပြောနိုင် ပြနိုင်မှ ရတယ်။ ငွေကသူများ တဂိတ် ၂ ထောင်ဆို သူတို့ပါရင် တဂိတ် ၅ ထောင်၊ ဂိတ်ကြီးဆိုရင် တစ်သောင်း လောက်ပေးမှ ဆက်သွားလို့ ရတယ်၊ ကိုယ်စီးလာတဲ့ ကားသမားက ဝင်ညှိပေးတာမျိုးဆို အဆင်ပြေတယ်” ဟု ၎င်းက ပြောသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ချစ်ကြည်ရေးတံတား အမှတ်(၁) ပေါ်မှ ထိုင်းနိုင်ငံသို့ တရားဝင် တံတားဖြတ်သွားလာမည့်သူ အမျိုးသားများကိုလည်း စစ်ဆေးနေမှုများရှိသလို အချို့က အရပ်ခေါ် လှေဂိတ်များမှတစ်ဆင့် သွားလာမှုများလည်းရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများကြောင့် မြဝတီမြို့ ရွှေကုက္ကိုလ်မှ ရှမ်းပြည်နယ်သို့ ပြန်မည့် ရှမ်းလူငယ်များ မြဝတီမြို့တွင် ပိတ်မိနေသလို အရဲစွန့် ပြန်မည်ဆိုပါက လမ်းတွင် စစ်ဆေးမေးမြန်း၊ အဖမ်း ခံရမည်ကိုလည်း စိုးရိမ်နေသည်ဟု သျှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။