ဆိုရှယ်မီဒီယာ၊ သတင်းတု သတင်းမှား ဖောင်းပွမှုနဲ့ အများပြည်သူရဲ့အသိအမြင်
ဆိုမီယာကျော်
(၁၆-၉-၂၀၂၄)
“ဆိုရှယ်မီဒီယာ”ဆိုတာနဲ့ လူတိုင်းဟာ ဖေ့စ်ဘွတ်(Facebook)၊ ယူကျု(Youtube)နဲ့ တစ်တော့(Tiktok)ကို ဆိုလိုမှန်း တန်းခနဲ ချက်ချင်းသိကြပါတယ်။ ကမ္ဘာနဲ့အဝန်းမှာ ဒီသုံးခုနဲ့ မထိတွေ့ဖူးသူ မရှိနိုင်ဘူးလို့ ယူဆပါတယ်။ သတင်းတု သတင်းမှား ဖောင်းပွမှုတွေဟာလည်း အဲဒီဆိုရှယ်မီဒီယာတွေကနေ ရေစီးသလို လေတိုက်သလို တားမရ ဆီးမရ ထိန်းချုပ်မရ ပြန့်နှံ့နေပါတယ်။ အဲဒီလို ဆိုရှယ်မီဒီယာကနေ စက္ကန့်နဲ့အမျှ ဖြန့်ဖြူးနေတဲ့ အစစ်နဲ့အတု၊ အမှန်နဲ့ အမှား တမင်စပ်ရောထွေးလုပ်ကြံ ဖန်တီးသရုပ်ဖျက်ထားတဲ့ အချက်အလက်တွေ (ရုပ်သံ/ဓာတ်ပုံ/စာသား)က အများ ပြည်သူရဲ့အသိအမြင်ကို လွှမ်းမိုးနေပါတယ်။ စေစားချုပ်ကိုင်ထားပါတယ်။
အဲဒီလို ဆိုရှယ်မီဒီယာမျိုးစုံမှာ ထုနဲ့ထည်နဲ့ ဖောင်းပွနေတဲ့ သတင်းတု သတင်းမှားတွေရဲ့ ဘေးအန္တရာယ်ကို တတ်နိုင်သမျှ ဖော်ထုတ်အသိပေးသွားရမယ့် အရေးကြီးတာဝန်ဟာ တာဝန်သိတဲ့၊ သိက္ခာရှိတဲ့ မိမိတို့ရဲ့သတင်းစာ ပညာ(Journalism)ကို လေးစားတန်ဖိုးထားတဲ့ သတင်းဌာနတွေနဲ့ သတင်းမီဒီယာသမားတွေအပေါ်မှာ ကျရောက်နေ ပါတယ်။
ဒီဆောင်းပါး အပါအဝင် ဆက်လက် ရေးသားဖော်ပြသွားမယ့် ဆောင်းပါးစဉ်တွေက အဲဒီဘေးအန္တရာယ်တွေအ ကြောင်း အများပြည်သူများ လွယ်ကူရှင်းလင်းမြန်ဆန်စွာ သိရှိနိုင်ရေး မျှဝေအသိပေးသွားဖို့ အဓိက ရည်ရွယ်ထားပါ တယ်။
“သတင်းမီဒီယာ” (News media) ဆိုတဲ့စကားလုံးကတော့ ဒီနေ့ကာလမှာ လူတိုင်းသိ၊ လူတိုင်းပြောကြတဲ့ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။
အဲဒီ “သတင်းမီဒီယာ” ဆိုတဲ့ ဘောင်ထဲမှာ အဝန်းအဝိုင်းထဲမှာ “သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်သံလုပ်ငန်း တွေ၊ ရေဒီယိုနဲ့ဆိုရှယ်မီဒီယာတွေ” အားလုံးပါဝင်နေပါတယ်။ အခုကာလနောက်ပိုင်းမှာ လူများစုက အကြောင်းမျိုးစုံ နောက်ခံနဲ့ သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်တွေကို မဖတ်ကြတော့ပေမယ့် မိမိလက်ကိုင်ဖုန်းကိုယ်စီနဲ့ မျက်လုံး မခွာကြ တော့ပါဘူး။ အိပ်ရာနိုးတာနဲ့ ဖုန်းကို အရင်ပွတ်ကြပါတယ်။ နောက်မှ မျက်နှာသစ်ပါတယ်။ ဖုန်းပွတ်ပြီးအိပ်ရာဝင်၊ ဖုန်း ပွတ်ပြီး အိပ်ရာထကြတယ်လို့ ဆိုရမယ် ထင်ပါတယ်။
အဲဒီအထဲက “ဆိုရှယ်မီဒီယာ” ဆိုတာကတော့ လူအများစုအတွက် အသေးငယ်ဆုံး၊ အလွယ်ကူဆုံး ကိရိယာ ဖြစ်တဲ့ မိမိလက်ကိုင်ဖုန်းကနေတဆင့် မိမိ သိစေ ကြားစေ မြင်စေချင်တဲ့ သဘောထားအမြင်တွေကို ရုပ်သံနဲ့ဖြစ်စေ၊ စကားလုံးတွေနဲ့၊ ဓာတ်ပုံတွေနဲ့ဖြစ်စေ ရေစီးသလို၊ လေတိုက်သလို အချိန်နဲ့အမျှ ဒီနေ့ကမ္ဘာနဲ့အဝန်းကို ဖြန့်ဖြူးနေကြ ပြီမဟုတ်ပါလား။
“ဆိုရှယ်မီဒီယာ” ဆိုတာထဲမှာ ဖေ့စ်ဘွတ်(Facebook)၊ အက်စ်(X)၊ ယူကျု(Youtube)၊ ဝီချတ်(Wechat)၊ တယ်လီဂရမ်(Telegram)နဲ့ တစ်တော့(Tik Tok) တို့ဟာ မသိတဲ့သူ၊ မသုံးတဲ့သူမရှိတော့တဲ့ ဆိုရှယ်မီဒီယာ ပလက် ဖောင်းတွေပဲ မဟုတ်ပါလား။
၂၀၂၄ ခုနှစ် နောက်ဆုံးစာရင်းတွေအရ ဆိုရှယ်မီဒီယာအသုံးပြုသူဦးရေဟာ ၅ ဒသမ ၁၇ ဘီလီယံရှိပြီး အရေ အတွက်အားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၆၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိကာ ယင်းတို့အနက် (facebook)ဖေ့စ်ဘွတ် အသုံးပြုသူဦး ရေဟာ ၃ ဒသမ ၀၅ ဘီလီယံရှိနေတဲ့အတွက် အသုံးအများဆုံး မီဒီယာပလက်ဖောင်း ဖြစ်နေပါတယ်။
အဲဒီဆိုရှယ်မီဒီယာတွေထဲက တစ်မျိုး (သို့မဟုတ်) တစ်မျိုးထက်ပိုပြီး လူအများက (အထူးသဖြင့် လူငယ်တွေ က) သုံးနေကြတာပါ။ နေ့စဉ် မြင်တွေ့နေရတဲ့ လက်တွေ့အတိုင်းပြောရရင် အဲဒီလို နာမည်အမျိုးမျိုးနဲ့ “ဆိုရှယ်မီဒီယာ တွေ”ဟာ ဒီနေ့ လူမှုဘဝမှာ မရှိရင် မဖြစ်တော့တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အခိုင်အမာ နေရာယူထားပါပြီ။
ဒီတော့ ထုံးစံအတိုင်း အကောင်းနဲ့အဆိုးဟာ ကမ္ဘာပေါ်က ဘယ်အရာကိစ္စမှာမဆို အတူယှဉ်တွဲနေသလိုပဲ ဆိုရှယ်မီဒီယာတိုင်းမှာလည်း အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေပါတယ်။ အသံအရောင်အရုပ်စာသားတွေနဲ့ တမဟုတ် ချင်း လျှပ်စီးလက်သလို ပြန့်နှံ့နိုင်တဲ့ နည်းပညာအစွမ်းသတ္တိကလည်းရှိနေတာမို့ အကောင်းနဲ့အဆိုး သက်ရောက်နိုင် စွမ်း အတိုင်းအတာက အင်မတန် ကျယ်ပြန့်ပြီး ကြီးမားပါတယ်။
နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်း၊ ပညာသင်ကြားရေး၊ ဂီတအနုပညာ၊ ကျန်းမာရေးနဲ့ သဘာဝကပ်ဘေးဆိုင်ရာ ပညာပေး လှုံ့ဆော်ရေးစတဲ့ အပြုဘက်အကောင်း ဘက်လုပ်ငန်းတွေ လုပ်ဆောင်နိုင်သလို ဂိုဏ်းဖွဲ့ကျူးလွန်ကြတဲ့ ငွေကြေးလိမ်လည်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ လူကုန်ကူးမှု စတဲ့ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့အတွက်လည်း အခွင့် အလမ်းတွေ ပိုများလာပါတယ်။ ဒါ့ကြောင့် အဆိုးဖက်၊ အဖျက်ဖက်လုပ်ငန်းတွေ လုပ်ဖို့အတွက်လည်း အစွမ်းထက်ပါ တယ်။
လူတစ်ယောက်ဟာ မိမိပြောလို၊ ပြလိုတာကို (ရုပ်သံကို) အချိန်မဆိုင်းဘဲ ပြောနိုင်ပြနိုင်ပါတယ်။ ဒီတော့ အကောင်းနဲ့အဆိုးဟာ သူတင်ပြတဲ့အကြောင်းအရာနဲ့ ရည်ရွယ်ချက်ပေါ်မှာတည်ပြီး မတူတဲ့လူတွေအကြားမှာ လွှမ်းမိုး ပျံ့နှံ့ ဩဇာသက်ရောက်နေပါတယ်။
အဆိုးဘက်ကဆိုရင် ဆိုရှယ်မီဒီယာ အသုံးပြုမှုနဲ့ ဆက်နွယ်တဲ့ မျက်လုံး၊ အာရုံကြောနဲ့ ဆက်စပ်ရောဂါတွေ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကနေစပြီး အရွယ်မရွေးမှာ စိတ်ပိုင်းရုပ်ပိုင်းရောဂါတွေ ဖြစ်ပွားလာနေပါ တယ်။
ဒါ့အပြင် ဉာဏ်ရည်တုနည်းပညာ(AI) စတဲ့ နည်းပညာတွေကြောင့်လည်း မိမိရုပ်ရည်ရူပကာယကိုလည်း နဂိုရှိ တာထက် ပိုမိုတင့်တယ်စွဲမက်လာဖွယ်ဖြစ်အောင်လည်း ဖန်တီးလာနိုင်ပါတယ်။ လိမ်ညာတုပမှုမျိုးစုံရဲ့ လှည့်စားဆွဲ ဆောင်နိုင်မှုဟာ ဒီလိုနည်းပညာနဲ့ ကိရိယာတွေရဲ့ အကူအညီကြောင့် ပိုပြီးထိတ်လန့်ဖွယ်ရာ သဘောဆောင်လာပါ တော့တယ်။ အမှားကို အမှန်၊ အတုကို အစစ်ထင်သွားအောင် ပိရိသေသပ်စွာ ဖန်တီးလာနိုင်ပါတယ်။ ဒါဟာ အင်မတန် ကြီးမားတဲ့ ဘေးအန္တရာယ် ဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့ သတင်းမီဒီယာနယ်ပယ်မှာ သတင်းစာပညာ(Journalism)ကို ပရော်ဖက်ရှင်နယ်ပညာရပ် တစ်ခုအဖြစ် ကိုင်စွဲပြီး မိမိ မီဒီယာအသိ အတတ်ပညာနဲ့ မီဒီယာကျင့်ဝတ်ကို စွဲမြဲတိကျစွာ လေးစား လိုက်နာတန်ဖိုး ထားတဲ့ သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာသမားတွေ များများရှိဖို့ ပထမဆုံးအချက်အနေနဲ့ လိုအပ်နေပါတယ်။
လူတိုင်းဟာ လက်ကိုင်တယ်လီဖုန်းတစ်လုံး (သို့မဟုတ်) ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်ကွန်ရက်ချိတ် ဆက်မှုတစ်ခုရှိပြီဆိုတာနဲ့ သူဟာ သတင်းအချက်အလက်တွေကို ရုပ်သံနဲ့ရော၊ စာသားနဲ့ပါ အချိန်မရွေး စိတ်ကြိုက်ပြု လုပ်ဖန်တီးဖြန့်ဖြူးနိုင်တဲ့ ဒီနေ့ခေတ်ကာလမှာ “သတင်း”လို့ အမည်တပ်လာတဲ့ အချက်အလက်တွေကို ဘယ်လိုစိစစ် ကြမလဲ။ အမှန်နဲ့အမှား၊ အစစ်နဲ့အတု ဘယ်လိုခွဲခြားကြမလဲ။
ဒီတော့ ကျနော်တို့ဟာ ဘယ်လိုသတင်းဌာန အမျိုးအစားဖြစ်သလဲ။ ကျနော်တို့ဖော်ပြတဲ့ သတင်းအချက်အ လက်တွေနဲ့ပတ်သက်လို့ ကျနော်တို့ဘက်က ဘယ်လိုတာဝန်ခံမှုနဲ့ တာဝန်ယူမှုရှိသလဲဆိုတာကို အများပြည်သူကို တိကျစွာ၊ ရှင်းလင်းစွာ အသိပေးထားဖို့ လိုအပ်ပါတယ်။
(IT) သတင်းတက္ကနိုလိုဂျီနည်းပညာကြောင့် ဘောင်နဲ့ အကန့်အသတ်ဆိုတာ မရှိတော့သလို ဖြစ်လာပါတယ်။ သုံးစွဲတဲ့ ဘာသာစကား၊ အကြောင်းအရာနဲ့ (target audience) ဦးတည်တဲ့ပရိဿတ် အဝန်းအဝိုင်းကပဲ အကြင်မီဒီယာ တစ်ခုရဲ့အဝန်းအဝိုင်းကို ပိုင်းခြားကန့်သတ်ပေးနိုင်ပါတော့တယ်။ အင်္ဂလိပ်စာကို အသုံးပြုတယ်ဆိုရင်တော့ (IT) သတင်းတက္ကနိုလိုဂျီနည်းပညာကြောင့် သူ့ရဲ့အဝန်းအဝိုင်းနဲ့ အတိုင်းအတာဟာ ကမ္ဘာကုန်ကျယ်သရွေ့ ဆိုသလို စည်း ဘောင်အကန့်အသတ် မရှိတော့သလို ဖြစ်သွားပါတော့တယ်။
အထက်မှာ တင်ပြခဲ့သလို “ဘယ်လိုသတင်းဌာနအမျိုးအစားဖြစ်သလဲ” – ဘယ်လိုသတင်းအချက်အလက်တွေ ကို တင်ပြနေသလဲ”ဆိုတာကိုတော့ သက်ဆိုင်ရာသတင်းဌာနက ရပ်တည်ကိုင်စွဲထားတဲ့ မူ၊ ပေါ်လစီနဲ့ ကျင့်ဝတ်စည်း ကမ်းတွေကပဲ တိုက်ရိုက် အဆုံးအဖြတ်ပေးပါတယ်။
သတင်းဌာနတစ်ခုရဲ့ အရည်အသွေးနဲ့ ဂုဏ်သတင်းမွှေးပျံ့မှုဆိုရရင် အဓိကအားဖြင့် အများပြည်သူက ယုံကြည် အားထားမှုဆိုတာကိုလည်း သက်ဆိုင်ရာသတင်းဌာနက ရပ်တည်ကိုင်စွဲထားတဲ့ မူ၊ ပေါ်လစီနဲ့ ကျင့်ဝတ်စည်းကမ်း တွေ၊ အချိန်နဲ့အမျှတင်ပြနေတဲ့ သတင်းအချက်အလက်တွေ၊ ရေးသားသုံးနှုန်းတင်ပြပုံတွေနဲ့သာ တည်ဆောက်နိုင်၊ ထိန်းသိမ်းနိုင်၊ အရှည်တည်တံ့စေနိုင်မှာပဲ ဖြစ်တယ်။ အခြားနည်းလမ်းတော့ မတွေ့မိပါဘူး။
စတိုင်စမတ်ကျတဲ့ ရုပ်ရည်၊ ကျော့ရှင်းပြေပြစ်တဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ရည်မွန်တဲ့ ပြောဆိုတင်ပြနိုင်မှုတွေ ဟာ သတင်းဌာနတစ်ခုနဲ့ သတင်းတင်ဆက်သူတွေအတွက် လိုအပ်ပါတယ်။ ဒီအချက်တွေချည်းသက်သက်နဲ့တော့ သတင်းဌာနတစ်ခုနဲ့ သတင်းတင်ဆက်သူတွေရဲ့ သိက္ခာနဲ့ ဂုဏ်သတင်းမွှေးပျံ့မှုကို ရေရှည် ထိန်းမထားနိုင်ပါဘူး။
ထို့အတူ ဖွ/ဆွတဲ့ ရန်တိုက်ပေးတဲ့ အတို့အထောင် အရေးအသား၊ ပုဂ္ဂိုလ်ရေး အတင်းအဖျင်းတွေနဲ့လည်း မီဒီ ယာပညာနဲ့ သိက္ခာရှိတဲ့ ဂုဏ်အရည်အသွေးကို တည်ဆောက်ထိန်းသိမ်းထားချင်လို့ မရနိုင်ပါဘူး။
ဒီတော့ ကျနော်တို့ရဲ့မီဒီယာသမားတွေ၊ သတင်းဌာနတွေဟာ မိမိတို့မီဒီယာအမျိုးအစားနဲ့ ဂုဏ်အရည်အသွေး ကို ကိုယ်တိုင် သတ်မှတ်နေရာချထားရမှာပါ။ မိမိတို့ကိုယ်ပိုင် ရွေးချယ်ချမှတ်ထားတဲ့ မူပေါ်လစီတွေ၊ ကျင့်ဝတ်တွေကို တိကျစွာ အကောင်အထည်ဖော်ရင်း မိမိတို့ရဲ့ အမျိုးအစားနဲ့ ဂုဏ်သိက္ခာကို အများပြည်သူထံ လက်တွေ့ပြသကြရမှာပဲ မဟုတ်ပါလား။
ရှေ့လာမယ့်ဆောင်းပါးမှာ သတင်းဌာနရဲ့အရည်အသွေးနဲ့ ဂုဏ်သတင်းမွှေးပျံ့မှု သို့မဟုတ် အများပြည်သူက အားထားယုံကြည်မှု အမြဲမပြတ် ရရှိဖြစ်ပေါ်ခိုင်မြဲစေနိုင်မယ့် မူပေါ်လစီကျင့်ဝတ်တွေ၊ ဥပဒေစည်းကမ်းတွေအကြောင်း ကို ဆက်လက် တင်ပြသွားပါ့မယ်။
မှတ်ချက် # ဤဆောင်းပါးသည် သတင်းမီဒီယာဆိုင်ရာ ပညာပေးဆောင်းပါးဖြစ်ပါသည်။