Home ဆောင်းပါး စစ်ဘေး ရေဘေး ပြည်သူ့အရေး

စစ်ဘေး ရေဘေး ပြည်သူ့အရေး

168

စစ်ဘေး ရေဘေး ပြည်သူ့အရေး

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်)

သဘာဝရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေဆိုတာ ကျနော်တို့ရဲ့ဆန္ဒနဲ့ တားဆီးလို့လည်းမရနိုင်သလို၊ ဖိတ်ခေါ်လို့ လည်း မရနိုင်ပါဘူး။ ထို့အတူ မောင်းထုတ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ တကယ်တော့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီဟာ တောင်တရုတ်ပင်လယ်ပြင်ထဲကနေ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံကမ်းခြေတွေကို ဦးတည်တဲ့ ပြင်းထန်တဲ့ မုန်တိုင်း ကြီးတစ်ခုပါ။ တိုင်ဖွန်းမုန်တိုင်းရာဂီရဲ့ရိုက်ခတ်မှုတွေဟာ မျှော်လင့်မထားဘဲ ကျနော်တို့ မြန်မာနိုင်ငံအထိ သက်ရောက် ခဲ့ပါတယ်။ အဲဒီမုန်တိုင်းရာဂီရဲ့သက်ရောက်မှုက ကျနော်တို့တိုင်းပြည်ဒေသတချို့က ပြည်သူတွေရဲ့နေအိမ်တွေ၊ စာသင် ကျောင်းတွေ၊ ဆေးရုံတွေ၊ အလုပ်ရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စိုက်ခင်းပျိုးခင်းတွေ၊ ကျွဲ နွား သိုး ဆိတ် အစရှိတဲ့ မွေးမြူရေးတိရစ္ဆာန်တွေ၊ လုပ်ငန်းကိုင်ငန်းတွေ၊ လမ်းပမ်းဆက်သွယ်ရေးတွေကို ကြီးကြီးမားမား ထိခိုက်နစ် နာစေခဲ့ပါတယ်။

ဒီတော့ ပထမဦးဆုံးရရှိတဲ့ သင်ခန်းစာက သဘာဝဘေးအန္တရာယ်နဲ့ ကူးစက်ရောဂါကပ်ဘေးဆိုတာ ဘယ် လောက်ပဲ ခရီးအရကွာဝေးနေပါစေ ကိုယ့်ဆီကို အချိန်မရွေး ရောက်မလာနိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်သေချာ မပြော နိုင်ဘူး။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။

မိမိအိမ်နီးချင်း ၅နိုင်ငံနဲ့ ပင်လယ်ပြင်မှာ မိမိတို့ဒေသတွင်းက တိုင်းပြည်တွေနဲ့ပင်လယ်ပြင်တွေမှာ လေဖိအား နည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ၊ လေပွေလှိုင်းတွေ ဆင်နေတယ် စတဲ့ မိုးလေဝသသတင်းတွေမှာ ကြားရ၊ သိရရင် ငါတို့ တိုင်းပြည်ထဲကို သက်ရောက်မှုတွေ အချိန်မရွေးရောက်ရှိလာနိုင်တယ်ဆိုတဲ့ အသိနဲ့သတိရှိကြပြီး ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ်ကြထားရပါလိမ့်မယ်။

ကူးစက်ရောဂါတွေနဲ့ ပတ်သက်ရင်လည်း အလားတူ အသိနဲ့ သတိမျိုးထားရှိပြီး သတင်းတွေကို မျက်စေ့ဖွင့်၊ နားစွင့်ထားရပါလိမ့်မယ်။ သတင်းတု၊ သတင်းမှာတွေမဟုတ်ဘဲ တိကျခိုင်လုံတဲ့ မိုးဇလဗေဒပညာရှင်တွေနဲ့ ကျန်းမာ ရေးဆိုင်ရာတာဝန်ရှိသူတွေ ပညာရှင်တွေရဲ့ သတိပေးစကားတွေ မှတ်ချက်တွေကို တိုက်ရိုက်ကိုးကားထားတဲ့ တိကျခိုင် လုံတဲ့ သတင်းအချက်အလက်တွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။

သဘာဝတရားဟာ မိမိတို့ ဘိုးဘွားတွေလက်ထက်ကလို မဟုတ်တော့ဘဲ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေဖြစ် ထွန်းနေတော့ မိရိုးဖလာ သမရိုးကျ အတွေ့အကြုံတွေနဲ့ သဘာဝတရားကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ မိမိတို့တိုင်း ပြည်ထဲမှာရော၊ ကမ္ဘာနဲ့အဝန်းမှာပါ သစ်တောတွေပြုန်းတီးသွားတာ၊ ကမ္ဘာနဲ့အဝန်း အပူချိန်တွေ မြင့်တက်လာနေ တာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွေ များပြားနေတာ၊ နျူကလီးယားစမ်းသပ်ဖောက်ခွဲနေကြတာ စတဲ့ လူသားရဲ့ကာလရှည်ကြာ အတိုင်းအတာ ထုထည်ကြီးကြီးမားမားနဲ့ လုပ်ဆောင်ချက်တွေက တန်ပြန် သက်ရောက်မှု တွေကို ကမ္ဘာနဲ့အဝန်းမှာ ထူးထူးကဲကဲ ဖြစ်ပေါ်လာစေပါတယ်။

သစ်တောခုတ်လှဲမှုတွေကို တားမြစ်လာကြတာတွေ၊ သစ်ပင်တွေပြန်လည်စိုက်ပျိုးနေကြတာတွေ၊ ဇီဝရုပ် ကြွင်းလောင်စာသုံးစွဲမှုကို လျှော့ချပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ထိန်းချုပ်လာကြတာတွေ၊ သားငှက် တိရစ္ဆာန်တွေရဲ့မျိုးစိတ်တွေ ထိန်းသိမ်းစောင့်ရှောက်လာကြတာတွေ စသဖြင့် ကုစားမှုတွေကို အတိုင်းအတာတစ်ခု အနေနဲ့ ပြုလုပ်လာနေကြသော်လည်း တိုင်းပြည်တစ်ခုချင်းစီရဲ့ အကျိုးစီးပွားပြိုင်ဆိုင်လုယက်မှုတွေအောက်မှာ ထင်သ လောက်တော့ ခရီးမပေါက်သေးပါဘူး။

ဒီတော့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လာရင်၊ ရောဂါကပ်ဘေးနဲ့ပတ်သက်လာရင် ကျနော်တို့ဟာ အမြဲ သတိရှိနေရမယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုံလုံလောက်လောက်ရှိရမယ်။ အမြဲသတိရှိနေဖို့ဆိုတာ ရာသီဥတု အပြောင်း အလဲတွေ၊ မုန်တိုင်း၊ ငလျင်၊ ဆူနာမီလှိုင်း၊ တောမီး စတဲ့ သဘာဝရဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို ကြိုတင် သိရှိနိုင်ဖို့ ကိရိ ယာတွေ၊ နည်းပညာတွေနဲ့ ကျွမ်းကျင်သူတွေလိုအပ်ပါတယ်။ သူတို့ရဲ့ ခန့်မှန်းချက်တွေ၊ သတိပေးချက်တွေကို အချိန်နဲ့ တပြေးညီ အများပြည်သူက သိရှိနေဖို့လိုပါတယ်။ ဘေးအန္တရာယ်ကျရောက်စဉ်အတွင်းမှာ အန္တရာယ်စက်ကွင်းကနေ ဘေးကင်းစွာ ယာယီခိုလှုံနိုင်ဖို့နေရာစရာ အဆောက်အအုံ၊ အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါးနဲ့ကုသမှု စတဲ့ လိုအပ် ချက်တွေကို ဆောက်လုပ်ထားတာ စုဆောင်းထားတာ၊ ပြင်ဆင်လေ့ကျင့်ထားတာတွေ ရှိကြရမှာပါ။ ဘေးအန္တရာယ် လွန်ကာလ ပြန်လည်ထူထောင်ရေးမှာလည်း လိုအပ်တဲ့ ရန်ပုံငွေ အပါအဝင် ထူထောင်ရေးအတွက် လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ ရှိဖို့လိုပါတယ်။

ဒါတွေဟာ ပြည်တွင်းစစ် ရှည်ကြာပြီး အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲနေတဲ့ စစ်အုပ်စုအဆက်ဆက်က ငါတကောကောပြီး မင်းမူနေတဲ့ ကျနော်တို့မြန်မာပြည်မှာတော့ အထက်မှာတင်ပြခဲ့တဲ့ ကြိုတင်ပြင်ဆင်ရေး၊ ကူညီ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ဆိုတာ ပြောသလောက် မလွယ်ကူလှပါဘူး။

နာဂစ်မုန်တိုင်းကြီးကြုံရတုန်းကဆိုရင် ကြိုတင်အသိပေးမှုလည်း ပေါ့လျော့ပျက်ကွက်ခဲ့သလို ကယ်ဆယ်ရေး၊ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာလည်း လုံးလုံးလျားလျား ချိနဲ့ခဲ့ပါတယ်။ ထိုစဉ်က ဗိုလ်သန်းရွှေ ဦးစီးတဲ့အုပ် စိုးသူ (နအဖ)စစ်အစိုးရဟာ သူတို့စိတ်ကြိုက်ရေးထားတဲ့ ၂၀၀၈အခြေခံဥပဒေကို ပြည်သူတွေရဲ့ မုန်တိုင်းဘေးဒုက္ခကို လျစ်လျူရှုပြီးခြေမြန်လက်မြန်အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ(နအဖ)စစ်အုပ်စုရဲ့ အင်မတန်ထင်ရှားတဲ့ လူမဆန်မှုတွေ ထဲက အကြီးမားဆုံးတစ်ခုပါပဲ။

အခုလည်း (စကစ)စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်က “မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များတွင် ယခုတစ်ကြိမ် တွေ့ကြုံရမှုသည် အကြီးမားဆုံးဖြစ် တယ်”လို့ ပြောဆိုနေပါတယ်။

Photo: Crd.

(၁၉-၉-၂၀၂၄) ရက်နေ့အထိ (စကစ)စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားတဲ့ အချက် အလက်တွေအရတော့ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက မြို့ နယ် ၅၃ခုမှာ ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။ လူနေအိမ် ၄,၄၇၁လုံး ပျက်စီးခဲ့ပါတယ်။ နေအိမ် ၁၆၈,၇၀၄လုံး ရေဝင်နစ်မြုပ်ခဲ့ပါတယ်။ ပြည်သူ ၂၉၃ဦး သေဆုံးပြီး ၈၉ဦး ပျောက်ဆုံးနေပါတယ်။ ရုံးဌာန အဆောက်အအုံ ၁၁၃လုံး၊ စာသင်ကျောင်း ၉၁၉ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၃၃၁လုံး၊ ကားလမ်း၊ မီးရထားလမ်းနဲ့ မြစ်ကူးချောင်းကူး တံတားတွေ၊ လျှပ်စစ်မီးတိုင်တွေ ပျက်စီးခဲ့ပါတယ်။ တိစ္ဆာန်မျိုးစုံကောင်ရေ ၁၂၉,၁၅၀နဲ့ သီးနှံမျိုးစုံစိုက်ဧက ၇၆၆,၅၈၆ နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၂၅ခု ဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၄၇,၀၁၉စု၊ လူဦးရေ ၁၆၁,၅၉၂ဦး ကူညီကယ်ဆယ်ထားရတယ်လို့ သိရပါတယ်။

(စကစ)စစ်အုပ်စုက သတင်းစာကဖော်ပြတဲ့ ဒီကိန်းဂဏန်းနဲ့ အချက်ကိုကြည့်တာနဲ့ အများပြည်သူရဲ့ ထိခိုက် နစ်နာမှုဟာ ဘယ်လောက်အတိုင်းအတာ ကြီးမားတယ်၊ ကျယ်ပြန့်တယ်ဆိုတာ သိနိုင်ပါတယ်။ လက်တွေ့မြေပြင်က ရေဘေးဒုက္ခသည်တွေရဲ့ ပြောဆိုချက်အရ ဒီထက်ပိုပြီး များပြားတယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်း တည့်တည့်ဝင်ရောက်သွားတဲ့ ဗီယက်နမ်မြောက်ပိုင်းဒေသတွေမှာ သေဆုံးသူ ၃၀၀ကျော်နဲ့ ပျောက်ဆုံးသူ ၃၅ဦးရှိတယ်လို့ (စကစ)သတင်းစာထဲမှာပဲ ဖတ်ရပါတယ်။ မုန်တိုင်းသက်ရောက်မှုခံရတဲ့ ကျနော်တို့ တိုင်းပြည်က သေဆုံး/ပျောက်ဆုံး(၂၉၃/၈၉)ကိုပဲ ကွက်ပြီးနှိုင်းယှဉ်ကြည့်ရင် ကျနော်တို့တိုင်းပြည်ဘက်က ကြိုတင်ပြင် ဆင်မှုနဲ့ကယ်ဆယ်မှုမှာ ဘယ်လောက်ချိနဲ့သလဲဆိုတာ မြင်နိုင်ပါတယ်။

စစ်ဘေး၊ အထွေထွေကုန်ဈေးနှုန်း မတန်တဆကြီးမြင့်မှု၊ လောင်စာဆီစားဆီ ဈေးနှုန်းမြင့်တက်မှု၊ စစ်သား အဓမ္မစုဆောင်းနေမှု စတဲ့ဘေးဒုက္ခတွေကြုံနေရတဲ့ ပြည်သူတွေရဲ့ ခေါင်းပေါ် ကျောပေါ်ကို ရေဘေးအန္တရာယ်က ထပ်ဆင့်လိုက်တော့ လဲရာသူခိုးထောင်းသလို ဖြစ်နေပါတော့တယ်။ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားရတဲ့ ကျနော်တို့ပြည်သူတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေ ပြန်လည်နာလန်ထလာစေဖို့၊ အိုးသစ်အိမ်သစ်ပြန်ဆောက်ဖို့ ဆိုတာ တွေဟာ အင်မတန်မှ အရှိန်ယူကြရအုံးမှာပါ။ အရှိန်အဟုန်နဲ့တည်ရှိနေတဲ့ စစ်မက်ဘေးအကြား ကျနော်တို့ ပြည်သူတွေ ရဲ့ ပြန်လည်ထူထောင်ရေးဟာ ဆူးကြားသီးရတဲ့ ဘူးသီးပမာပါပဲ။

အဆိုးထဲက အကောင်းကတော့ ရေဘေးဒုက္ခကြုံရတဲ့ ပြည်သူတွေကို ပြည်သူတွေက မျှဝေပြီးကူညီပေးကြတဲ့ ကိစ္စပါပဲ။ ဒါဟာ ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အင်မတန် လှပယဉ်ကျေးတဲ့၊ ရေရှည်ထိန်းသိမ်းဖွံ့ဖြိုးထွန်းကား စေပြီး လက်ဆင့်ကမ်းရမယ့် ကောင်းမြတ်တဲ့ စရိုက်လက္ခဏာတစ်ခုပါပဲ။

(စကစ)စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်ကတော့ “အတတ်နိုင်ဆုံး ခင်ဗျားတို့ မူလအခြေအနေအတိုင်း ဖြစ်အောင်တော့ ကျွန်တော်တို့ ကူညီပေးပါမယ်။ သေဆုံးမှုအတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာနကနေပြီးတော့ လျော်ကြေးတွေ ပေးတယ်။ နောက် ဒဏ်ရာရတဲ့သူတွေကိုလည်း၊ နောက်တစ်ခါ ဆေးကုသမှုအတွက် ထောက်ပံ့ကြေး တွေပေးသလို ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက်လည်း အခု ကျွန်တော်တို့ တွက်နေပါတယ်။ လုံးဝ ပျက်သွား တဲ့အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်းပျက်သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ လုံးဝ ပျက်သွားတဲ့ အိမ်မှာမှ တဲဆိုရင် ဘယ်လောက်ပေးမလဲ၊ ရိုးရိုးအိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တစ်ထပ်အိမ်ဆိုရင် ဘယ်လောက် ပေးမလဲ၊ နှစ်ထပ်အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင်သလောက် ကျွန်တော်တို့ ပေးပါမယ်၊ ဖြစ်နိုင်သလောက် ဒေသနဲ့ ကိုက်ညီတဲ့ဟာမျိုးတော့ ကျွန်တော်တို့ စဉ်းစားပါတယ်။”လို့ ဆိုပါတယ်။

လက်တွေ့မှာ (စကစ)စစ်အုပ်စုက ဘယ်လိုအတိုင်းအတာ ဘယ်လိုနည်းလမ်းနဲ့ ဘယ်လောက်ပမာဏ ကူညီမ လဲဆိုတာကို ကျနော်တို့ လေ့လာစောင့်ကြည့်ရပါလိမ့်မယ်။ ဒီကူညီမှုဆိုတာရဲ့နောက်ကွယ်က လိမ်ညာလှည့်စားမှုတွေ၊ ချုပ်ကွက်မြှုပ်ကွက်တွေကို စူးစမ်းဖော်ထုတ်ကြရပါလိမ့်မယ်။

ကျနော်တို့ပြည်သူတွေဟာ စစ်မက်ဘေး၊ ကိုဗစ် ၁၉ လို ကပ်ရောဂါဘေးက ကြုံတွေဖြတ်သန်းနေရသလို အခု လည်း ရေဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနေရပါတယ်။ ပြည်သူတွေရဲ့ဘေးဒုက္ခတွေ လေးလေးနက်နက် စာနာ ထောက်ထားကြပြီး ကျနော်တို့ကြွေးကြော်နေတဲ့ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” အောက်က အဖိနှိပ်ခံ လူမျိုးပေါင်း စုံပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးတာဝန်ကိုလည်း အပြန်အလှန် သွေးစည်းကြပြီး ကျေပွန်စွာ ထမ်းဆောင်ကြ ပါစို့။

“အစိုးရ၊ ပြည်နယ်အစိုးရ” စသဖြင့် မိမိကိုယ်စားပြုမှုကို အတိအလင်း ဖော်ထုတ်ကြေညာထားတဲ့ အဖွဲ့အစည်း များအနေနဲ့ ရေဘေးကြုံပြည်သူများ ပြန်လည်ထူထောင်ရေးမှာ မိမိဒေသ၊ မိမိနယ်မှာ အစိုးရတစ်ရပ်သဖွယ် ထိရောက် စွာ ကူညီပေးကြဖို့လည်း အလေးအနက် တိုက်တွန်းပါရစေ။