Home သတင်း ကျောင်းတချို့ သင်ထောက်ကူပစ္စည်း မလုံလောက်၍ ကျောင်းသားထံ ပိုက်ဆံကောက်နေရ

ကျောင်းတချို့ သင်ထောက်ကူပစ္စည်း မလုံလောက်၍ ကျောင်းသားထံ ပိုက်ဆံကောက်နေရ

86
Photo: CJ

စက်တင်ဘာ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ရှိ စစ်ကောင်စီ၏ အခြေခံပညာကျောင်းတချို့တွင် သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိသည့်အတွက် ကျောင်းသူ/ကျောင်းသားများထံတွင် ပိုက်ဆံကောက်ပြီး ဝယ်ယူ အသုံးပြုနေရသည်ဟု ကျောင်းတာဝန်ရှိသူက ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ သင်ထောက်ကူပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လာပြီး ပညာရေးဝန်ကြီးဌာနက ချပေးသည့် အသုံးစရိတ်နှင့် လုံလောက်မှုမရှိသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများထံငွေကြေး ကောက်ယူပြီး ပြန်ဝယ်ယူအသုံးပြုရသည့် အခြေအနေနှင့်ပတ်သက်၍ ဖားအံမြိုနယ်ရှိ အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက ယခုလို ပြောသည်။

“အခုကုန်စျေးနှုန်းတွေ အဆမတန်တက်တော့ အဲဒီသင်ထောက်ကူ ပစ္စည်းတွေကို ရတဲ့ပိုက်ဆံနဲ့ ဝယ်ရတာက မလုံလောက်ဘူး။ အရမ်းချွေတာ သုံးနေရတယ်။ မင်ကာပန်း(Maker Pen) ဆိုရင်လည်း အရမ်းကုန်တော့ မလုံလောက်မှုရှိတယ်။ အဲဒါကြောင့် တချို့ဆို သူ့အတန်းပိုင်နဲ့သူ စာသင်ခန်းမှာ ပြန်စီမံခန့်ခွဲ ပိုက်ဆံကောက်ရတာ တွေရှိတာပေါ့” ဟု ၎င်းက ပြောသည်။

အလားတူ အခြေခံကျသည့် KG (သူငယ်တန်း) အဆင့် ကျောင်းသူ/ကျောင်းသားများအတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများဖြစ်သည့် ပန်းချီဆွဲရောင်စုံခဲတံများကိုလည်း ပြန်လည် လျှော့ချပြီး ပညာရေးဌာနဘက်က ထုတ်ပေးခြင်းမရှိတော့ကြောင်း သိရသည်။

ထို့အပြင် ယခင်နှစ်များထက် ကုန်စျေးနှုန်း ၂ ဆခန့် မြှင့်တက်သွားသည့်အတွက် ကျောင်းသုံးပစ္စည်းများ လည်း ထိုနည်းတူစျေးနှုန်း ၂ ဆခန့် တက်သွားသည်ဟု ကျောင်းသုံးပစ္စည်း ရောင်းချသည့် ဈေးနှုန်းများအရ သိရသည်။

“စာရိတ်တွေက အရမ်းကိုကုန်ပါတယ်။ ကျောင်းဝတ်စုံလည်းစျေးတက်၊ ဘောပင်၊ ခဲတံ၊ စာအုပ်အစ အကုန်တက် တယ်။ ပြီးတော့ ကျူရှင်ခ၊ ကျောင်းကြို ကျောင်းပို့ စက်သုံးဆီလည်း အရမ်းကုန်တယ်။ နောက်ပြီးကလေးမုန့်ဖိုးဆိုရင်လည်း တစ်ထောင်က မလောက်တော့ဘူး၊ အနည်းဆုံး နှစ်ထောင် သုံး ထောင်ပေးရတော့ လက်လုပ်လက်စားအတွက်က တော်တော်ခက်တယ်။” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ကုန်စျေးနှုန်းတက်သည့်အတွက် စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများသည် အခက်အခဲရှိလာသလို ကျောင်းဆရာ၊ ဆရာမအချို့မှာ ကျူရှင်ခအပေါ် မှီခိုနေရမှုမျိုးလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ပညာရေးဝန်ထမ်းများသည် လစာအဖြစ် မူလတန်းပြ ၁၈၀,၀၀၀ ကျပ်၊ အလယ်တန်းပြ ၁၉၀,၀၀၀ ကျပ်၊ အထက်တန်းပြ ၂၀၂,၀၀၀ကျပ် ရရှိပြီး ယခုဩဂုတ်လကုန်မှစတင်၍ အဆိုပါ ဝန်ထမ်းများအတွက် လစာ ၃၀,၀၀၀ ကျပ် ထပ်တိုးရရှိမည်ဟု ထုတ်ပြန်ထားသည်။