Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄ ရက်အတွင်း ဒေသခံ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄ ရက်အတွင်း ဒေသခံ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

692

ဩဂုတ် ၁၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ-၃၊ မုန်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရူန်း(Drone) ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၇၃၊ စစ်ကောင်စီရွှေဝါ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၀၇ မှ ဩဂုတ် ၅ ရက်နေ့မွန်းလွဲပိုင်းတွင် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှု များကြောင့် မုန်းမြို့နယ်အတွင်းရှိ ကျောက်ကြီးပေါ်ကျေးရွာနှင့် ငတိုးခင်ကျေးရွာ အတွင်းသို့ကျ ရောက်ပေါက်ကွဲ ခဲ့ပြီး အသက်လတ်ပိုင်း အမျိုးသမီး တစ်ဦးနှင့် အသက် ၉၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ဩဂုတ် ၇ ရက်နေ့လယ်ပိုင်းတွင် ဒရူန်း(Drone)ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သစ်ဖြူဆိတ် ကျေးရွာနှင့် သေနတ်ကွင်းရွာ အတွင်းသို့ကျရောက်ခဲ့ရာ ဦးကြည်အေး အသက် ၆၆ နှစ်သည် ခေါင်းသို့ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဦးတင်ထွန်းမှာမူ လက်၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

မုန်းမြို့နယ်မှ ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူက “လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို စစ်တောင်း မြစ်အရှေ့ဘက်ခြမ်းက ကျန်းမာရေးဆိုင်ရာ ဆေးခန်းတွေမှာပို့ပြီး ဆေးကုသမှု ခံယူနေကြတယ်။ စစ်ကောင်စီ ကတော့ ဒီနေ့အထိ လက်နက်ကြီးတွေဆက်တိုက် ပစ်ခတ်နေသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မုန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ လိုအပ်ချက်များ ရှိနေသည့်အပြင် အဆိုပါစစ်ဘေးရှောင်များအတွက် သွားရောက်လှူဒါန်းရာတွင်လည်း သွားလာရေး ခက်ခဲမှုများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို မြို့ပေါ်တက်ပြီး သွားဝယ်ရတာဆိုတော့။ စစ်ကောင်စီရှိတဲ့ လမ်းတွေမှာ သယ်ဆောင်ရတာဆိုတော့ အခက်အခဲတွေရှိတယ်” ဟု ဆက်ပြောသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများအတွင်း ညောင်လေးပင်ခရိုင်သည် စစ်ဘေးရှောင် အရေအတွက် အများဆုံး ခရိုင်တစ်ခုဖြစ်ပြီး ရေဘေးအန္တရာယ်ကြောင့် မုန်းမြို့နယ် ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင်လည်း လူသားချင်း စာနာမှုအကူအညီများ လိုအပ်နေသည်ဟု ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်တွင် ဖော်ပြထားသည်။