Home သတင်း တနင်္သာရီမြို့ပေါ်၌ စားသောက်ကုန်သယ်ယူခွင့် စစ်ကောင်စီ စတင်ကန့်သတ်

တနင်္သာရီမြို့ပေါ်၌ စားသောက်ကုန်သယ်ယူခွင့် စစ်ကောင်စီ စတင်ကန့်သတ်

984
Photo: Crd.

ဩဂုတ် ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ပေါ်ရှိ နေရာအများစုကို စစ်ကောင်စီက စားသောက်ကုန် သယ်ယူခွင့်ကို ဩဂုတ်လ ပထမပတ်အတွင်းမှစတင်ကာ ကန့်သတ်မှုများ ပြုလုပ်လာသည်ဟု မြို့ခံများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီက ကျေးရွာများ ဘက်သို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ စတင်ပြီး စားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်ထားသလို ယခုနှစ် ဩဂုတ် ပထမပတ် အတွင်းမှ စတင်ကာ မြို့ပေါ်ဧရိယာများကိုပါ ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“အရင်က ရွာတွေဘက်ကို စားသောက်ကုန်တွေကို သယ်မရဘူး။ ဆန်က အစပေါ့။ ရေကျပြီး နောက်ပိုင်းမှာ အခုလိုဖြစ်လာတာဘဲ။ ကားသမားတွေအနေနဲ့ ခရီးသည်တွေက လွှဲပြီး စားသောက်ကုန်တွေ မသယ်ကြတော့ဘူး။ ဂိတ်တွေမှာ အဓိကစစ်တာတွေကို လုပ်တယ်။ အဲ့တာကြောင့်လည်း ပါတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယခုလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို မြို့ပေါ်တွင် ရှောင်တခင် ကန့်သတ်လိုက် ခြင်းကြောင့် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာမလုံ လောက်သည့် အခြေနေမျိုးနှင့်ကြုံတွေ့လာနိုင်သည်ဟု မြို့ခံအမျိုးသားတဦးက ဆက်ပြောသည်။

ယခင် ၂၀၂၂ နှစ်ကတည်းက တနင်္သာရီ မြို့ပေါ် ဧရိယာမှလွဲ၍ ကျေးလက်ဒေသသို့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ထားရာမှ ယခု စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်ဧရိယာကိုပါ ကန့်သတ်လာခြင်းသည် စစ်ရှောင် များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များထံ ရိက္ခာမရောက်လိုသည့် အတွက်ကြောင့် ဖြစ်သည်ဟု စစ်ရှောင်များကို ကူညီထောက်ပံ့နေသူများက ပြောသည်။

“အခုက ရေတွေကျခါစဆိုတော့ ရိက္ခာတွေကို ဝယ်ရမယ်ဆိုတာသိတော့ စစ်တပ်က အခုလို လုပ်တာဖြစ်တယ်။ စားသောက်ကုန်ဈေးနူန်းတွေကလည်း ထိုးတက်လာတဲ့ အနေအထားမှာရှိတယ်။ အဓိကကတော့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေဆီကို ရိက္ခာမရောက်စေချင်တဲ့ သဘော” ဟု စစ်ရှောင်များကို ကူညီ နေသူတဦးက ဆိုသည်။

လက်ရှိ တနင်္သာရီမြို့ပေါ်တွင် ကုန်ဈေးနှုန်းကြီးမြှင့်လာရာ ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးအပတ်တွင် ပုဇွန်တံဆိပ် စားအုန်းဆီ တစ်လီတာတစ်ဘူးလျှင် ၆,၀၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ လက်ရှိအချိန်တွင် ၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကြမ်း တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိရာမှ ၁၁၀,၀၀၀ ကျပ်အထိဈေးတက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ ထံမှသိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ ပုလောမြို့နယ်အတွင်းရှိ ပလမြို့၊ တနင်္သာရီမြို့နယ်အများစုကို စားသောက်ကုန်သယ်ယူခွင့်နှင့် ပတ်သက်၍ စစ်ကောင်စီမှ တင်းတင်ကြပ်ကြပ် လုပ်ဆောင်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။