ဩဂုတ်လ ၃ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်များဖြစ်သော Strategy First University နှင့် Myanmar Imperial University အပါအဝင် ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို University အဆင့်မှ ကောလိပ်အဆင့်သို့ ခိုင်လုံသော အကြောင်းပြချက်မပေးဘဲ အမိန့်စာပေးပို့ ညွှန်ကြားခံရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ဆက်သွယ်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်နေ့က ပေးပို့သည့် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာထဲတွင် University များအနေဖြင့် လိုအပ်ချက်များ ရှိနေ၍ ကောလိပ်အဆင့်ဖြင့်သာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် University များကို အမည်ပြောင်းလဲဖွင့်လှစ်ရမည်ဖြစ်ကြောင်း မှတ်ချက်နှင့်အတူ ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိက တက္ကသိုလ် (၄၀)ကျော်ကို ကောလိပ်အဆင့် လျှော့ချရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းပညာရေးနှင့် နီးစပ်သူတစ်ဦး က ယခုလို ပြောဆိုသည်။
“ပုဂ္ဂလိက တက္ကသိုလ်တွေအားလုံးကို University အဆင့်မှ ကောလိပ်အဆင့်သို့ ခိုင်မာတဲ့ အကြောင်းပြချက် မပေးဘဲ ဖြုတ်ချလိုက်ပြီး အဲဒီကျောင်းတွေရဲ့နာမည်ကနေ University ဖြုတ်ချဖို့ မတရားသဖြင့် အမိန့်ပေးလိုက်တာလို့ ကျမရဲ့ မိတ်ဆွေဆရာမတစ်ဦးဆီက သိရပါတယ်။ ဘာလိုအပ်ချက်ဆိုတာမျိုး ရှင်းပြပေးထားခြင်းလည်း မရှိပါဘူး။”ဟု ကေအိုင်စီသို့ မှတ်ချက်ပေးပို့လာသည်။
အဆိုပါ အမိန့်စာထွက်ပေါ်လာပြီးနောက် ပုဂ္ဂလိက တက္ကသိုလ်ပိုင်ရှင်များ၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအနေဖြင့် အလွန်စိုးရိမ်ပူပန်နေရကြောင်းနှင့် ယခုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် ပုဂ္ဂလိက ပညာရေးနယ်ပယ်ကို ချိုးဖဲ့ရန် ကြိုးစားခြင်းဖြစ်ကြောင်းလည်း သူမက ထပ်မံ မှတ်ချက်ပေးသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တိုင်းပြည်အတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့်တိုင် ၎င်းတို့လက် အောက်ရှိ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းများကို မတက်မနေရ ပုံစံမျိုးဖြင့် ကျောင်းဖွင့်ရာသီများတွင် ကျောင်း သားမိဘများအား ဖိအားပေး ကျောင်းတက်ခိုင်းတာမျိုးရှိသော်လည်း ပုဂ္ဂလိက တက္ကသိုလ်ကျောင်းများကို ကောလိပ် အဆင့် လျှော့ချရန် အမိန့်ပေးမှုမှာ အာဏာသိမ်းပြီနောက် ၃နှစ်ကျော်အကြာတွင် ပထမဆုံးအကြိမ် ဖြစ်သည်။



















