Home သတင်း ကျောက်မဲနှင့်နောင်ချိုမြို့နယ်များတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA ဆို

ကျောက်မဲနှင့်နောင်ချိုမြို့နယ်များတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA ဆို

1049

ဩဂုတ်လ(၃)ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ရှိ စစ်ကောင်စီလက်ကျန် စခန်းများကို ရရှိနိုင်ရေး အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဆက်လက်တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကြောင်း TNLA မှ ယမန်နေ့ညတွင် သတင်း ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းများဖြစ်သည့် ခြေမြန်တပ်ရင်း(ခမရ-၅၀၁) နှင့် (ခမရ-၅၀၂) တပ်ရင်းများကို ယမန်နေ့ ဩဂုတ်လ(၂) ရက်နေ့က (TNLA)မှ ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း TNLA မှပြောဆိုထားသလို ကျောက်မဲ ဒေသခံ တစ်ဦးကလည်း ယခုလို အတည်ပြုပြောဆိုသည်။

၎င်းဒေသခံတစ်ဦးက “တိုက်ပွဲကတော့ အခုထိဖြစ်နေတုန်းဘဲ။ စစ်တပ်ကလည်း လေယာဉ်နဲ့ လာကြဲ နေတုန်းဘဲ ဆိုတော့ အခြေနေကိုသိပ်ပြီး မသိရသေးဘူး။ အခုထိ နေရပ်မပြန်နိုင်သေးတဲ့အခြေအနေမှာ ရှိနေပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် နေရာတစ် ဝိုက်ကို တိုက်လေယာဉ်များဖြင့် (၇)ကြိမ်ခန့် လာရောက်ဗုံးကြဲ တိုက်ခိုက်သွားကြောင်းလည်း TNLA ၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအခြေအနေများနှင့် ပက်သက်၍ အသေးစိတ်မေးမြန်းသိရှိနိုင်ရန်အတွက် TNLA၏ ပြောရေး ဆိုခွင့်ရှိ သူ လွေးယေဦးနှင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပေ။
အလားတူ ဩဂုတ်လ(၂)ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် သဲခေါ်ရွာတွင် စစ်ကောင်စီ တပ်မှ တပ်ဖွဲ့ဝင်အင် အား ထပ်မံဖြည့်တင်းလာသည့် အတွက် TNLA ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင် စီ ဘက်မှ Mi35 တိုက်ခိုက်ရေး ရဟက်ယာဉ်ဖြင့် လာရောက်ပစ်ကူခဲ့သေးကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် တစ်လကျော် ကာလအတွင်း နောင်ချို မြို့၊ မိုးမိတ်မြို့အပြင် မန္တလေးတိုင်းရှိ စဉ့်ကူးမြို့နှင့် မိုးကုတ်မြို့ များကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ ဝင်များက သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၃၅) ခုကို TNLA နှင့် MDY-PDF ပူးပေါင်း တပ်ဖွဲ့ဝင်များမှ သိမ်းယူထားနိုင်ကြောင်း ထုတ်ပြန်ထားချက်များအရသိရသည်။