Home သတင်း Campaign Taw Naw အစီအစဉ်အတွင်း မျှော်မှန်းရံပုံငွေ၏ လေးပုံတစ်ပုံရရှိ

Campaign Taw Naw အစီအစဉ်အတွင်း မျှော်မှန်းရံပုံငွေ၏ လေးပုံတစ်ပုံရရှိ

640

ဩဂုတ်လ ၄ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရည်ရွယ်ပြု လုပ်သည့် Campaign Taw Naw ရံပုံငွေ ရှာဖွေသည့်အစီအစဉ်သည် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က သတ်မှတ်ရက်ပြည့်မြောက်ခဲ့ပြီးနောက် မျှော်မှန်းရံပုံငွေ၏ လေးပုံ တစ်ပုံရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့က စတင်ခဲ့သည့် အဆိုပါ ကမ်ပိန်း၏ (၄၅)ရက်တာလှုပ်ရှားမှုအစီအစဉ်သည် ယမန်နေ့ ဩဂုတ်လ(၃)ရက်နေ့တွင် ပြည့်မြောက်ခဲ့ပြီး မျှော်မှန်းရံပုံငွေ ဘတ်သန်း(၂၀)ထားရှိရာ ပြည်သူလူထု၏ ထောက်ပံ့ လှူဒါန်းငွေမှာ ဘတ်ငွေ(၅၂) သိန်း ရရှိခဲ့ကြောင်း ကမ်ပိန်းတောနော်အစီအစဉ်၏ ဥက္ကဌ ကော်ကဆာ စောကလယ်အယ်စိုးမှ ပြောသည်။

“(၂၆.၃၆%) ရာခိုင်နှုန်းရရှိပြီးတော့ လိုအပ်ငွေက (၇၃.၆၄%)ရာခိုင်နှုန်းလိုအပ်ချက်ဖြစ်တယ်။ ဒါပေမဲ့စစ်ကောင် စီရဲ့ဖိနှိပ်မှုဒဏ်ကိုခံနေရတဲ့ ကြားထဲကနေ အခုလောက်ငွေပမာဏထိ ရအောင်ကူညီပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်။ တတ်နိုင်တဲ့ဘက်က တစ်ကျပ်ဖြစ်ဖြစ်၊တစ်ဒေါ်လာ ဖြစ်ဖြစ်ပါဝင်ကြတာကို ကျေးဇူးတင်တယ်။”ဟု ပြောသည်။

ကမ်ပိန်း၏ ရည်ရွယ်ချက်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဒေါနတောင်ခြေ တကြောတွင် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကို ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်လျက်ရှိနေသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအား လိုအပ်သည့် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်ဖြစ်သည်ဟု ကော်ကဆာ စောကလယ်အယ်စိုးမှဆက်ပြောသည်။
ယမန်နေ့ညတွင် ပြုလုပ်ခဲ့သည့် ကမ်ပိန်းတောနော် ပြီးမြောက်ခဲ့သည့် အစီအစဉ်တွင် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၏ ခေါင်းဆောင်အသီးသီးမှ အားပေးစကားများ ပြောကြားခဲ့ပြီး ကရင်အဆိုတော်များမှလည်း သီဆိုဖျော်ဖြေမှုများ ပြုလုပ်ပြီးနောက် တောနော်ကမ်ပိန်း ရံပုံငွေရှာဖွေသည့် အစီအစဉ်အား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်မှ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၄ခုနှစ်၊ ဧပြီလ ၉ရက်နေ့တွင် စစ်ကောင်စီမှ သံချပ်ကား များနှင့်အတူ အင်အားရာနှင့်ချီပါဝင်သည့် နိုင်ငံတော် အဆင့် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်း စတင်စေလွှတ်ကာ မြေပြင်တိုက်ခိုက်မှုအပြင် လက်နက်ကြီး နှင့် လေကြောင်းပစ်ကူမှုများပါ အများအပြာအသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိတွေ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် တပ်ပြန်ဆုတ်မှုများရှိနေ ကြောင်း သတင်းများထွက်ပေးနေသော်လည်း အချို့မှာ တပ်ပြန်ဆုတ်သွားသော်လည်း ရေးမြို့နယ် နှင့် ကေအဲန် ယူ ဝင်းရေးမြို့နယ်ဘက်ခြမ်းသို့ စစ်ကူပို့ဆောင်မှုများ ပြုလုပ်နေကြောင်း မြေမြင် တော်လှန်ရေး တပ်ဖွဲ့ ဝင်များ ၏ ပြောဆိုချက် အရ သိရသည်။