Home သတင်း လောင်းလုံးတွင် စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ခတ်မှုကြေင့် ဒေသခံများ ရှောင်တိမ်းနေ

လောင်းလုံးတွင် စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ခတ်မှုကြေင့် ဒေသခံများ ရှောင်တိမ်းနေ

589
Photo: နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

ဩဂုတ်၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ပင်လယ်ပြင်တွင် ကင်း လှည့်နေသည့် စစ်ကောင်စီ စစ်သင်္ဘောပေါ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက်ပိုင်း သဲပုံတောင်စစ်ကောင်စီ တပ်စခန်းနှင့် သဘော့ဆိပ်ရွာ အနောက်ဘက် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်သင်္ဘောမှ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာနှင့် ကရင်ကြီးကျေးရွာများသို့ နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု လောင်းလုံးမြို့နေဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လက်နက်ကြီးကတော့ နေ့တိုင်းလိုလိုပစ်ခတ်နေတာ။ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိလောက်မယ် ထင်တဲ့နေရာတွေကို ရမ်းပြီးပစ်ခတ်နေတဲ့ပုံစံမျိုး။ တစ်ရက်ကို ၁၀ ကြိမ်ကျော်တယ် ၊ လက်နက်ကြီးပစ်ခတ်တာ။ ဒေသခံ တော်တော် များများကတော့ ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့နေရာတွေကနေရှောင်ပြီးတော့ တခြားရွာတွေကို ပြောင်းကုန်ကြပြီး ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာနှင့် ကရင်ကြီး ကျေးရွာများမှ ဒေသခံစုစုပေါင်း ၃,၀၀၀ ဦးကျော် လောင်းလုံးမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ထွက် ပြေးတိမ်းရှောင်နေသလို လက်နက်ကြီးကြောင့် ပြင်ကြီးကျေးရွာမှ ဒေသခံနေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

လောင်းလုံးမြို့နယ် အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၁၀၄၊ စစ်ဆင်ရေးကွပ်ကဲမှုဌာန စကခ-၁၈ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၆၊ ခမရ-၄၀၇ တပ်ရင်းများက တကျော့ပြန် စစ်ကြောင်းထိုးနိုင်ရန် အင်အား ဖြည့်တင်း လျက်ရှိသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

“လောင်းလုံးကို စစ်ကောင်စီ အင်အားဖြည့်တင်း နေတာတွေရှိတယ်။ အခုတော့ စစ်ကြောင်း ထိုးတာတွေမရှိ သေးဘူး။ ဒါပေမဲ့ စစ်ကြောင်းထိုးဖို့ကို ပြင်ဆင်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE-5 Taninthary ၏ လစဉ် အစီရင်ခံစာအရ ပြီးခဲ့သည့် ဇူလိုင်လအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၆၀,၀၀၀ ဦး ကျော်အထိရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။