Home သတင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ထန်းတပင်၊ ကင်မွန်းခြုံကျေးရွာဒေသခံနေအိမ်များ ဖောက်ထွင်းခံရ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ထန်းတပင်၊ ကင်မွန်းခြုံကျေးရွာဒေသခံနေအိမ်များ ဖောက်ထွင်းခံရ

736
Photo-CJ

ဩဂုတ် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ် လဆန်းရက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသော ဒေသခံပြည် သူနေအိမ်များ ဖောက်ထွင်းခံနေရကြောင်း နယ်မြေတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့၏အပြန်အလှန်ပစ်ခတ်မှုနှင့် စစ်တပ်က လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် ဇရပ်ကြီးဒေသ ကင်မွန်းခြုံကျေးရွာအုပ်စုနှင့်အနီးရှိရွာမှ ဒေသခံ(၂,၀၀၀)ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးရှောင်တိမ်းရစဥ် ဆိုင်နှင့်နေအိမ်အချို့ ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်သည်။

နယ်ခံတစ်ဦးက “ကင်မွန်းခြုံဈေးလည်းဖောက်ခံရတယ်။ စစ်တပ်ကလူတွေဖောက်တာ ပြီးတော့ အ နောက်ဘက်ရွာ ရေကြည်ကုန်းမှာ သကြားလုံးတို့ အထည်တို့ကိုကျပြန်ဝေပေးတာရှိတယ်။ ရွာပြန် လာရင်ဘာလုပ်မယ်ဆိုတာ လူတွေကိုခြောက်ပြီး သူတို့ပဲပစ္စည်းတွေကိုကားနဲ့သယ်ကြတာ။ အဲဒီရက်က ရွာမှာ သူတို့ပဲကျန်တာလေ။ တစ်ခါတလေ လျှောက်ပစ်ခြောက်တာက လုပ်သေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ စစ်ရှောင်သွား၍ အိမ်ပိုင်ရှင်မရှိသည့်အခြေအနေကို အခွင့်အကောင်းယူသော အိမ်တွင်း ဖောက်ထွင်းမှုများ ဇရပ်ကြီးဒေသတွင် မကြာခဏဖြစ်ပွားနေခြင်းနှင့် စစ်ရှောင်နေထိုင်ရသည့် အခက်အခဲများကြောင့် နယ်မြေလုံခြုံစိတ်ချမှု အပြည့်အဝမရှိသေးသည့်ကြားမှ မိမိတို့ အိမ်ပြန်နေကြသူများ ရှိလာသည်ဟု ၎င်းတို့အရေးကူညီပေးနေသူနှင့်နယ်ခံများက ပြောသည်။

Photo-CJ

“တစ်ချို့တော့ပြန်သွားကြပြီ။ သက်ကြီးရွယ်အိုတစ်ချို့နေခဲ့တာတွေလည်းရှိတယ်။ ကင်မွန်းခြုံ-ဇရပ်ကြီးလမ်းကို စစ်တပ်က ပေးမပြန်ဘူး။ ပြန်ဖွင့်ပေးတယ်လည်းမပြောဘူး ခိုးပြန်ကြတာ။ နယ်မြေက စိတ်မချရသေးဘူး ။အန္တရာယ်ရှိတဲ့အနေအထားရှိတယ်။ အိမ်တွေဖောက်တာတော့ ထုံးစံအတိုင်းလိုတောင်ဖြစ်နေပါပြီ” ဟု ဇရပ်ကြီးစစ်ဘေးရှောင်ကူအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကင်မွန်းခြုံ-ဇရပ်ကြီးလမ်းပေါ်ဖြတ်သန်းသွားလာသူများအား ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စစ်ကောင်စီမှ ပစ်မိန့်ထုတ်ထားပြီး ကင်မွန်းခြုံ ကျေးရွာအချို့နေရာများတွင်လည်း မိုင်းများထောင်ထားသည်ကို တွေ့ရှိရခဲ့ရသဖြင့် နေရပ်ပြန်ဒေသခံများသတိထားသွားလာ နေထိုင်ကြရန် ၎င်းစစ်ရှောင်ကူအမျိုးသားက ဖြည့်စွက်အသိပေးသည်။

ဇရပ်ကြီးဒေသအတွင်း နှစ်ဖက်တိုက်ပွဲနှင့်ပစ်ခတ်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီလ ပိုင်းကလည်း ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးရှောင်တိမ်းရစဥ် ကျန်ရှိနေအိမ်များ ဖောက်ထွင်းခိုးယူမှုခံခဲ့ရသလို တရားဥပဒေမစိုးမိုးနိုင်မှုကြောင့် ခိုးသူမပေါ်သည့် ဥစ္စာပစ္စည်းဆုံးရှုံးရမှုများ တွေ့ကြုံခဲ့ရသေးသည်။