Home သတင်း ဖားအံခရိုင်ရှိ မြို့နယ်များတွင် WY စိတ်ကြွမူးယစ်ဆေးများ လွယ်ကူစွာ ရရှိနေ

ဖားအံခရိုင်ရှိ မြို့နယ်များတွင် WY စိတ်ကြွမူးယစ်ဆေးများ လွယ်ကူစွာ ရရှိနေ

988

ဩဂုတ် ၂၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်အတွင်းရှိ လှိုင်ဘွဲ၊ ပိုင်ကျုံ၊ ဒုံရင်း၊ နဘူးနှင့် ထီလုံစသည့် မြို့နယ်များရှိ ကျေးရွာများတွင် WY စိတ်ကြွ မူးယစ်ဆေး(ဒေသအခေါ် မြင်းဆေး)များကို ဈေးပေါပေါနှင့် လွယ်ကူစွာ ဝယ်ယူနိုင်သည့် အခြေအမျိုးရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ အချိန်တွင် မြန်မာငွေကြေးဖောင်းပွနေပြီး စက်သုံးဆီ၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များ အဆမတန် ဈေးမြင့် တက်နေသော်လည်း WY စိတ်ကြွမူးယစ်‌ဆေးဝါးများမှာ တစ်ပြား ၅၀၀ ကျပ်မှ ၁,၀၀၀ ကျပ် ခန့်ဖြင့် လွယ်ကူစွာ ဝယ်ယူ၍ ရနေခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးနေသူများသည် ဒေသခံလက်နက်ကိုင်တစ်ချို့နှင့် ခင်မင်ပတ်သက် နေသူများ ဖြစ်သည့်အတွက်ကြောင့် ‌ဒေသခံများ အနေဖြင့် တိုင်ကြားရန် မဝံ့ရဲ ဖြစ်နေသည်ဟု ပိုင်ကျုံ‌ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“အခုက မြင်းဆေး ဆိုတာနဲ့ တရားဝင်ပစ္စည်းလို့ပဲ ရောင်းချနေတယ်။ သူတို့‌ရောင်းတယ်၊ အကုန်သိတယ်။ ဘယ် အဖွဲ့စည်းမှ မဖမ်းဘူး။ နောက်ပြီး သူတို့ကလဲ အဖွဲ့စည်းထဲက လူပဲဆိုတော့တိုင်လဲ မတိုင်ရဲဘူး။ နောက်ကြရင် ကိုယ်ကို ရန်ပြန်လုပ်မှာကို ကြောက်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဖားအံခရိုင်၊ မြို့နယ်များအတွင်းရှိ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများ အရေးယူမှုများကို ထိရောက်စွာ လုပ်စေချင်သည့် အကြောင်းကို ဖားအံမြို့ပေါ်နေ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ မူးယစ်ဆေးဝါး သုံးတဲ့ လူတွေကို အရင်ဆုံး အသိပေးခြင်းအားဖြင့် မူးယစ်ဆေးဝါး ဟောပြောပွဲတွေ အကြောင်းဆိုတဲ့ ဆိုးကျိုးတွေ၊ ပုဒ်မနဲ့ ပြစ်ဒဏ်တွေကို သတိပေးတဲ့ အနေနဲ့ ပြောပြစေချင်တယ်။ စိုးရိမ်ပူပန်မှု ကတော့ သူတို့ဘဝကိုသူတို့မေ့ပြီး မူးယစ်ဆေးနဲ့ဘဲ နစ်မျှောသွားမှာကို စိတ်ပူတယ်” ဟု‌ ပြောသည်။

ထို့သို့ မူးယစ်ဆေးဝါးများ လွယ်ကူစွာ ရရှိနေမှုကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏ မိသားစုဝင်များ မူးယစ် ဆေးဝါးသုံးစွဲလာပြီး အကျင့်စာရိတ္တများ ပျက်ပြားလာမည်ကို စိုးရိမ်နေကြရသည် ဟု‌ဒေသခံများထံမှ သိရသည်။

ဖားအံခရိုင်တွင် လောင်းကစားနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲပါကဥပဒေအရ ထိရောက်စွာ အရေးယူ မည်ဟု ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေး လုပ်ငန်းကော်မတီက သဘောတူလက်မှတ်ရေးထိုး ထားသော် လည်း အခြေအနေအမျိုးမျိုးကြောင့် ထိရောက်စွာမကိုင်တွယ်နိုင်သေးသလို အချို့သော ဒေသခံ လက်နက်ကိုင် များကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းချခြင်း၊ လောင်းကစားဝိုင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများက ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။