Home သတင်း ပိုင်ကျုံမြို့နယ် ကျေးရွာများတွင် ဝက်နာကျ သေဆုံးမှုများစွာဖြစ်ပွားနေ

ပိုင်ကျုံမြို့နယ် ကျေးရွာများတွင် ဝက်နာကျ သေဆုံးမှုများစွာဖြစ်ပွားနေ

759

ဩဂုတ် ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ယခု ဩဂုတ်လဆန်းပိုင်းမှစ၍ ဒေသခံများ မွေးမြူထားသည့် ဝက်များ အနာကျရောဂါဖြစ်ပွားပြီး သေဆုံးမှုများစွာဖြစ်ပေါ်နေသည်ဟု ဝက်မွေးမြူထားသူ ဒေသခံများက ပြောသည်။

၎င်းမြို့နယ်အတွင်းရှိ ဒေသခံအများစုသည် အပိုဝင်ငွေ အတွက် မိမိတို့ အိမ်ခြံဝင်းထဲ၌ တစ်ပိုင်တစ်နိုင် တိရိစ္ဆာန် များ မွေးမြူကြပြီး ယခုလို ဝက်များ ဆက်တိုက်ဆိုသလို အနာရောဂါကျရောက်ကာ အများအပြား သေဆုံးမှု ဖြစ်ပွားနေသည်ဟု တာကရား ကျေးရွာ‌တွင် ဝက်များမွေးမြူထားသူ နော်အယ်ဝါးအမိုးက ယခုလို ပြောသည်။

“ရေကြီး ပြီးကတည်းက ဝက်တွေ အခြေနေမကောင်းတော့တာ၊ အနိမ့်ပိုင်းရွာတွေက စဖြစ်တယ်၊ တစ်စတစ်စနဲ့ သေလာတာ၊ အဒေါ်တို့ အိမ်မှာ ၉ ကောင် မွေးထားတယ်၊ ၆ ကောင် သေတယ်။ ရှုံးတာအများကြီးပဲ။ စိတ်ထိခိုက် တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်ဖြစ်ပွားနေသည့် ဝက်နာ ရောဂါလက္ခဏာများမှာ ဝက်များ၏ ကိုယ်ခန္ဓာတွင် တစ်ခြမ်းအေးပြီး ကျန်တစ်ခြမ်းပူခြင်း၊ အစာမစားခြင်း၊ မျက်လုံးဖွင့်လျက် လှဲလျောင်းနေခြင်းစသည့် လက္ခဏာများ ပြ၍ သေဆုံး သည်ဟု တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူ ထီးဝါးခိုကျေးရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အခု အနာကျတာက လက္ခဏာပြပြီးရင် ဝက်က သေတာများတယ်။ တိကုဆရာ(တိရစ္ဆာန်ဆရာဝန်) တွေနဲ့ ပြကြည့်တယ်၊ ဆေးထိုးပေးတယ်၊ ကောင်းလာတာ မတွေ့ရဘူး။ သေတာများတယ်” ဟု ၎င်းက ဆိုသည်။

ဝက်နာကျရောဂါဖြစ်ပွားသည့် ကျေးရွာများအတွင်းသို့ အသားရောင်းချသည့် ဒိုင်တို့က ဈေးနိမ့်ပြီး ဝက်များ လိုက်လံဝယ်ယူမှုများရှိသလို ဒေသခံများ အနေဖြင့် အနာကျသေဆုံးမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အရှုံးခံ ရောင်းချခြင်းများရှိသည်ဟု ဒေသခံများက ပြောသည်။

ထိုမြို့နယ်အတွင်း ယခုလို ဒေသခံတို့တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ဝက်များ ဆက်တိုက်သေဆုံးမှုများဖြစ်ပွား နေသည့်အတွက် လက်ရှိ ငွေကြေးဖောင်းပွမှုများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်သည့် ကာလတွင် မိသားစု အသုံးစရိတ်နှင့် စားသောက်စရိတ်များအတွက် ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်နေသည်ဟု ‌ဒေသခံများထံမှ သိရသည်။

အလားတူကဲ့သို့ ယခုနှစ်စပိုင်တွင် ပိုင်ကျုံမြို့နယ် ‌‌ဒေသခံများ မွေးမြူထားသော ကြက်များလည်း အနာ‌ရောဂါကျ သေဆုံးမှုများဖြစ်ပွားခဲ့ဖူးသည်ဟု အိမ်ခြံများတွင် ကြက်များမွေးမြူးကြသည့် ဒေသခံများက ပြောသည်။