ဩဂုတ်၂၃၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
တနင်္သာရီမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဩဂုတ်ပထမ အပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက Mi-2နှင့် K8W၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု တနင်္သာရီ မြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။
“ဒီရက်ပိုင်းမှာ တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ လေယာဉ်တွေလာကြဲတာဆို ဒီလထဲမှာ ငါးကြိမ်နဲ့အထက် ရှိနေတယ်။ တချို့တွေကျတော့လည်း နေအိမ်တွေကို စွန့်ခွာပြီးတော့ စစ်ဘေးရှောင်တွေနေတဲ့ နေရာတွေကိုဘဲပြန်ပြီး ရှောင်နေကြရတယ်။ ပြီးတော့ တောတောင်တွေထဲမှာ သွားရှောင်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်၂၀ ရက်နေ့တွင်လည်း ထုံမခါကျေးရွာ ဘုရားတောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးသီး ၇ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် စက်လက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် ဘုန်ကြီးကျောင်း အဆောက်အအုံများ ပျက်ဆီးသွားခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၇ ရက် ၊ ၉ ရက်နှင့် ၁၄ ရက်နေ့များတွင် တနင်္သာရီမြို့နယ် အတွင်းရှိ သကျက်ရွာ၊ ဆင်ခေါင်းရွာ၊ ခြောက်မိုင်ရွာ၊ ကျောက်မီးကျောင်းရွာ၊ ချောင်းဝရွာ၊ မမသောင်ရွာနှင့် ဂဏန်းကွင်းရွာ တို့ကို တစ်ရက်လျှင် ၂ ကြိမ် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာအများစုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။
“စစ်ကောင်စီက ပြီးခဲ့တဲ့ရက်တွေကလည်း စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ပြီးတော့ စက်သေနတ် တွေနဲ့ ပစ်ခတ်တာတွေကိုလုပ်ဆောင်တယ်။ အရပ်သားထိခိုက်မှုအခြေနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်။ အာဏာသိမ်းအုပ်စုက တိုက်လေယာဉ်တွေကိုသုံးပြီး ပြည်သူတွေနဲ့ ကျေးရွာတွေကိုအဓိကပစ်မှတ်ထားပြီး အခု နောက်ပိုင်းမှာ ပိုမိုလုပ်ဆောင်လာတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံစုစုပေါင်း ၆၃,၆၀၀ ဦး ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သုတေသနအဖွဲ့ဖြစ်သည့် FE-5 Thanintharyi ၏ အစီရင်ခံစာများအရ သိရသည်။



















