“အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ”
လွန်ခဲ့တဲ့ ၂နှစ်ကျော်ဝန်းကျင်ကာလကို ပြန်ကြည့်မယ်ဆိုရင် အသက် ၂နှစ်အောက်ကလေးရှိတဲ့ မိဘတွေ ဗျာများခဲ့ရတဲ့ အခြေအနေတစ်ရပ် ရှိခဲ့ပါတယ်။
အဲဒါကတော့ ကာကွယ်ဆေးထိုးနှံရေးကိစ္စဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးရမယ့်အချိန်မှာ ကိုဗစ်ကာလဖြစ်နေတာရယ်၊ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဆေးဝါးပြတ်တောက်မှုတွေရယ်၊ နေရပ်စွန့်ခွာရတဲ့ အခြေအနေအကြောင်းကြောင်းတွေရယ်ကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရပါ တယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့ကာလတွေမှာ အသက် ၅နှစ်အောက် ကလေးငယ်ပေါင်းများစွာဟာ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးတာ၊ ဒါမှမဟုတ် ကာကွယ်ဆေး အကြိမ်အရေအတွက် ပြည့်ပြည့်ဝဝ မထိုးနှံရသေးတာတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။
အဲဒီလို မိမိကလေးကို ကာကွယ်ဆေးအပြည့်မထိုးနိုင်ခဲ့တဲ့ မိဘတွေထဲမှာ မြန်မာနိုင်ငံက ကိုစိုးမိုး (အမည်လွဲ)နဲ့ မအေးအေးပိုင်(အမည်လွှဲ)တို့လည်း ပါဝင်ခဲ့ကြပါတယ်။ သူတို့မှာ သားလေး နှစ်ယောက်ရှိပြီး တစ်ယောက်က ၇နှစ် အရွယ်နဲ့ အငယ်လေးက ၄နှစ်ဝန်းကျင်အရွယ်ပါ။
သူတို့ရဲ့ သားငယ်ဖြစ်သူကို ၉လသားအထိ ကာကွယ်ဆေးထိုးခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ကိုဗစ်ကြောင့် ကာကွယ်ဆေး ထိုးဌာနတွေ ပိတ်ထားခဲ့လို့ ဆက်လက်မထိုးနိုင်ခဲ့ပါဘူး။
ကိုဗစ်ကူးစက်မှုတွေဖြစ်ပွားနေတုန်းမှာပဲ မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး ကာကွယ်ဆေးထိုးဌာနတွေ ပြန်မဖွင့်နိုင်ခင်မှာပဲ ကာကွယ်ဆေးတွေ ပြတ်တောက်သွားလို့ ကလေးတွေကို ဆေးမထိုး နိုင်တဲ့အတွက် အဲဒီကာလက မိဘတွေ ဗျာများခဲ့ရတဲ့ကာလအပိုင်းအခြားပါပဲ။ အချို့ဒေသတွေမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတာမျိုးတွေ ဖြစ်ခဲ့ကြတယ်။
မိဘတွေဟာ ကိုယ့်ကလေးကို ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် လက်လှမ်းမီသလောက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြ တယ်။ မြို့ပြမှာနေထိုင်ပြီး ငွေကြေးအင်အားတတ်နိုင်တဲ့ မိဘတချို့က အထူးကုဆေးရုံ/ ဆေးခန်းတွေမှာ တန်ဖိုးကြီး ပေးပြီး ကာကွယ်ဆေးအချို့ကို ထိုးနှံနိုင်ခဲ့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင်တော့ အဲလို ထိုးနှံခွင့်ရခဲ့တဲ့ ကလေးက အနည်းစုလို့ ဆိုနိုင်ပါတယ်။
နောက်ပိုင်းမှာ တချို့တိုင်းနဲ့ပြည်နယ်တွေမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်ကြ ချိန်မှာတော့ ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့မိသားစုဟာ လုံခြုံရေးအခြေအနေတွေအရ မြန်မာပြည်တွင်းထဲမှာ အဆင့် ဆင့် နေရာရွှေ့ပြောင်းနေထိုင်ခဲ့ရသလို နောက်ဆုံးမှာ ထိုင်း-မြန်မာနယ်စပ်ကို ရွှေ့ပြောင်း ရောက်ရှိခဲ့ကြတယ်။
တရားမဝင် ရွှေ့ပြောင်းရောက်ရှိလာခဲ့ရတာဖြစ်လို့ ဖမ်းဆီးခံရမှာစိုးရိမ်တာကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ဘူး။ မြန်မာရွှေ့ပြောင်း လုပ်သားတွေအားကိုးရတဲ့ မယ်တော်ဆေးခန်းလို နေရာမျိုးတွေကို မရောက်နိုင်ခဲ့ဘူးလို့ မအေးအေး ပိုင်က အဲဒီတုန်းကအခြေအနေကို ပြောပြတယ်။
ဒီလိုနဲ့ သူတို့ရဲ့ သားငယ်လေးဟာ ကာကွယ်ဆေးထိုးရမယ့် အသက်အရွယ်အပိုင်းအခြားကို တဖြည်းဖြည်း ကျော်လွန် လာခဲ့တယ်။ နေရာအသစ်မှာ မိသားစု အခြေချရပ်တည်နေထိုင်ဖို့အတွက် ကြိုးစားနေရတာတွေကြောင့် ကာကွယ် ဆေးထိုးရမယ့်အကြိမ် မပြည့်မီဘဲ အသက်အရွယ်ကျော်လွန်လာတာကို အလေးအနက်မတွေးမိဘဲ ကျော်ဖြတ်ခဲ့ကြ တယ်။
ဒီကြားကာလတွေမှာ ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့ သတိထားမိတာတစ်ခုက သားဖြစ်သူ ကျန်းမာရေးချူချာတဲ့ အခြေ အနေပါ။ လေးနှစ်ဝန်းကျင်အရွယ် သားဖြစ်သူဟာ မကြာခဏ ဖျားနာတတ်တဲ့ကလေးတစ်ယောက် ဖြစ်နေတာကို သတိထားမိလာတယ်။ အအေးပတ်လွယ်တာ၊ နှာစေး၊ ချောင်းဆိုဖြစ်လွယ်တာနဲ့ မကြာခဏဖျားနာတတ်တာတွေ ကြောင့် သေချာစဉ်းစားကြည့်တဲ့အခါ ကာကွယ်ဆေးစုံလင်အောင် မထိုးခဲ့ရလို့ ကိုယ်ခံအားနည်းနေတာလား ဆိုတဲ့ မေးခွန်းတစ်ခု ထွက်လာပါတယ်။
ကာကွယ်ဆေးထိုးရမယ့် အသက်အရွယ်ကျော်လွန်သွားတဲ့ကလေးအတွက် ဘယ်လို ကျန်းကျန်းမာမာ နေထိုင်နိုင် အောင် ပြုစုပေးလို့ရတဲ့ ဘယ်လိုနည်းလမ်းတွေရှိသလဲဆိုတာ ကလေးအထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ဖို့အတွက် စီစဉ် နေကြပါတယ်။
ကာကွယ်ဆေးတစ်ကြိမ်မှ မရရှိသေးတဲ့ ကလေးငယ်တွေ၊ အသက်အရွယ်အလိုက် ကာကွယ်ဆေးအကြိမ်ရေ အပြည့် မရရှိသေးတဲ့ ကလေးငယ်တွေအားလုံးအတွက် Catch Up နည်းလမ်းနဲ့ ကာကွယ်ဆေးထိုးလို့၊ တိုက်လို့ ရပါတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က အသိပညာမျှဝေထားပါတယ်။
Catch Up နည်းလမ်းနဲ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းဆိုတာ ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့ရဲ့ သားငယ်လေးလို ကာကွယ်ဆေးအကြိမ်မပြည့်တဲ့ကလေးတွေရော၊ ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ ကလေးတွေရောအတွက် ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်မှာ လမ်းညွှန်ထားတဲ့အတိုင်း အကျုံးဝင်တဲ့ အသက်အရွယ်အထိ အမှီလိုက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒါတွေကို အသေးစိတ်သိရှိဖို့က ကာကွယ်ဆေးထိုးပေးတဲ့ ဆေးခန်းတွေ၊ စုရပ်တွေမှာ မေးကြည့်လို့ရတယ်လို့ UNICEF က လမ်းညွှန်ထားပါတယ်။
ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့လည်း ဒီ Catch Up နည်းလမ်းနဲ့ အမှီပြန်လိုက်ဖို့အတွက် ကျွမ်းကျင်ရတဲ့ ကျန်းမာရေး ဝန်ထမ်းဆီကို အမြန်ဆုံး သွားတွေ့ဆုံတိုင်ပင်ဖို့ ပြင်ဆင်နေပါတယ်။
ကာကွယ်ဆေးတစ်ကြိမ်မှမရရှိတဲ့ ကလေးတွေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့်မရရှိတဲ့ ကလေးတွေမှာ ပြင်ပက ရောဂါတွေ ကူးစက်ဝင်ရောက်လာတဲ့အခါ ရောဂါကာကွယ်ဖို့အတွက် လိုအပ်တဲ့ ကိုယ်ခံ စွမ်းအား ထုတ်လုပ်နိုင်ဖို့ အင်အားနည်းပါး/မရှိတာကြောင့် ဖျားနာခြင်းနဲ့ နောက်ဆက်တွဲ ပြင်းထန်ရောဂါလက္ခဏာတွေ ခံစားရတတ်တယ်။ အသက်သေဆုံးတဲ့အထိ ခံစားရနိုင်တယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတရှိသူတွေဖြစ်တဲ့အတွက် စိတ်ထဲမှာ ကလေးကို ကာကွယ်ဆေးပြည့်အောင် ထိုးမပေးနိုင်ခဲ့တဲ့အတွက် အပြစ်ရှိသလိုမျိုး သူတို့ဇနီးမောင်နှံ ခံစားနေရပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်ကျော်က ကာကွယ်ဆေးထိုးခွင့်မရခဲ့တဲ့ ကလေးတွေ အားလုံး ကာကွယ်ဆေးထိုးခွင့်ရပြီလား၊ ဒါမှမဟုတ် နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကိုစိုးမိုးနဲ့ မအေးအေးပိုင်လို အဖြစ်အပျက်တူ၊ ခံစားချက်တွေတူတဲ့ မိဘတွေဟာ မြန်မာပြည်အနှံ့အပြားမှာ ဘယ်လောက်တောင်များပြားနေပြီလဲဆိုတာ ဘယ်သူမှ အတိအကျ မခန့်မှန်းနိုင်တဲ့ အခြေ အနေလို့ ဆိုရမှာဖြစ်ပါတယ်။
# ယခုဆောင်းပါး / သတင်းအချက်အလက်အား Myanhealth မှ ထုတ်လုပ်ပြီး KIC သတင်းဌာနမှ ပံ့ပိုးမျှဝေသည်။