Home သတင်း မိုးများသောကြောင့် ကွမ်းခြံများပျက်စီးဆုံးရှုံး၍ ကွမ်းဈေးများတက်လာ

မိုးများသောကြောင့် ကွမ်းခြံများပျက်စီးဆုံးရှုံး၍ ကွမ်းဈေးများတက်လာ

783
Photo: CJ (ပန်းတနော်မြို့နယ်ရှိ ကွမ်းခြံတစ်ခြံ)

ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကျေးရွာအချို့တွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ကွမ်းခြံများ ပျက်စီးဆုံးရှုံးမှုရှိလာသည်ဟု ကွမ်းရွက် စိုက်ပျိုးသူများထံမှ သိရသည်။

“မိုးက တစ်လလုံးလောက် ဆက်တိုက်အဆင်မပြတ် ရွာနေတော့ ပန်းတနော် အရှေ့ပိုင်းက ကွမ်းခြံတွေ ရေမြှုပ် ကုန်တယ်။ အဲဒီတော့ ကွမ်းရွက်ပင်တွေက တဖြည်းဖြည်းပုပ်လာပြီး အနာဝင်ပြီး သေကုန်ကြတာ” ဟု ဒေသခံ ကွမ်းစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ကွမ်းရွက် စိုက်ပျိုးသူ တစ်ဦးလျှင် အပင်ငါးထောင်ခြံတစ်ခြံစိုက်ထားလျှင် ထက်ဝက်မက ပျက်စီးသည့် အခြေအနေဖြစ်နေသည်ဟု သိရသည်။ ထိုပျက်စီးဆုံးရှုံးမှုများကြောင့် ကွမ်းရွက် ရှာပါးလာပြီး ကွမ်းရွက် ဈေးနှုန်းများလည်း လေးဆကျော်အထိ မြင့်တက်လျက်ရှိသည်။

ကွမ်းရွက်ဈေးက ပုံမှန်အားဖြင့် ဆယ်ပိဿာကို ကျပ် ခြောက်သောင်းမှ ခုနှစ်သောင်းအထိ ရှိပြီး ယခုကဲ့သို့ ကွမ်းရွက်များ ရှားပါးခြင်းကြောင့် ဆယ်ပိဿာကို ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းအထိမြင့်တက်နေပါသည်။

ထိုဒေသတွင် ကွမ်းခြံစီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် တစ်ဦးလျှင် သုံးခြံမှ လေးခြံအထိ စိုက်ပျိုးကြပြီး လက်ရှိ မိုးများသောကြောင့် ကွမ်းခြံများ ထက်ဝက်ကျော် ပျက်စီဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ကွမ်းစိုက်တောင်သူများသည် ကွမ်းခြံတစ်ခြံအတွက် အနည်းဆုံး ကျပ် ၁၀ သိန်းနှင့် ၁၅ သိန်းကြား အရင်းနှီးစိုက် ထုတ်ထားကြရသည်။ ပျက်စီးသွားသော ကွမ်းခြံ အချို့နေရာများမှာ ရေမြှုပ်နေသဖြင့် ပြန်စိုက်ရန် အခက်အခဲများလည်း ရှိနေသည်ဟု ကွမ်းစိုက်တောင်သူအချို့ထံမှ သိရသည်။