Home ဆောင်းပါး ပူပင်သောက အေးငြိမ်းရာ လယ်တဲ ဆီသို့

ပူပင်သောက အေးငြိမ်းရာ လယ်တဲ ဆီသို့

555
Photo- KIC

ပူပင်သောက အေးငြိမ်းရာ လယ်တဲ ဆီသို့

စောထူးကပေါ

(ဇူလိုင် ၁၃ရက်၊ ၂၀၂၄ ခုနှစ်။)

နေသာသော်လည်း တိမ်ခိုးမြူများ ဖုံးလွှမ်းထားသည့်အတွက် ဒေါနတောင်ကြောထိပ်ကို မမြင်ရ။ ဒေါနတောင် တန်း နောက်ခံလှေကားထစ်အသွင် လယ်ကွင်းများအကြား မောင်ကျော်ဒီးငှာ၏ လယ်တဲကို လှမ်းမြင်ရသည်မှာ ပန်းချီမမီစာဖွဲ့ရန်မလွယ်။ သဘာဝသည် သဘာဝသည်သာ၊ လှချင်တိုင်း လှနေမဟုတ်ပါလော။ အေးချမ်းသည့် လယ်တဲကို မြင်ရသည့်အတွက် မည်သူမဆို ပူပင်သောကတို့ အေးငြိမ်းသွားမည်ဟုသာ စိတ်ထဲတွင် မှတ်ချက်ပြု မိသည်။

အဆိုပါ လယ်တဲသည် ကေအဲန်ယူ အုပ်ချုပ်နယ်မြေ၊ လှိုင်းဘွဲမြို့နယ်၊ ဝါးမီကလားရွာ အနီးတွင်တည်ရှိပြီး ရွာမှ နာရီဝက်ကျော်ခန့် လမ်းလျှောက်သွားရသည်။ လယ်တဲသို့ သွားသည့် လမ်းတလျှောက် ဒေါနတောင်ကြောမှ စီးဆင်းလာသည့် တောင်ကျရေများက နေရာအနှံ့ စီးဆင်းနေပြီး တောင်ကျရေသံများ ဟိုဟိုဒီဒီ ကြားနေရသည်။

လယ်တဲပေါ်သို့ တက်ရောက်အနားယူရန် အဆင်ပြေသလိုနေရန် လယ်တဲပိုင်ရှင်မိသားစုက ဒေသသုံး ကရင် စကားဖြင့် ပကတိ ရိုးစင်သည့်အပြုံးဖြင့် ဖိတ်ခေါ်သည်။ စင်စစ် မွန်းတည့်ချိန်နီးနေပြီးဖြစ်ကာ လယ်စိုက် သူများ ထမင်းစားရန် အချိန်မီချက်ပြုတ်နေသည့်အတွက် အားလပ်ဟန်မပေါ်။

မောင်ကျော်ဒီးငှာ၏ လယ်တဲသည် ပေ ၂၀ ပတ်လည်ခန့်ရှိပြီး သစ်၊ ဝါးတို့ဖြင့် ခြေတံရှည်တည် ဆောက်ထား သည်။ လှေကားထစ်ပုံ လယ်ကွင်းထဲမှ လေနုအေးအေးလေး တိုက်ခတ်နေသည့်အတွက် တဲပေါ်တွင် အေးမြ နေသည်။ မကြာမီ လယ်ယာလုပ်ငန်းခွင်မှ အသီးသီးပြန်လာပြီး နေ့လည်စာကို ပျော်ရွှင်စွာ အတူတကွသုံးဆောင် ကြတော့ သည်။

“ဒီမှာတော့ လယ်စိုက်ဖို့ တောင်ကျရေကို အဓိက အားထားရတယ်။ တောင်ကျရေကို လယ်ကွက်ထဲဖောက် သွင်းပြီး ရေပြည့်ချိန်မှာ စိုက်တာပါ၊ အခုတောင်ကျရေ များလာပြီး” ဟု လယ်ပိုင်ရှင်မောင်ကျော်ဒီးငှာက ရှင်းပြသည်။

သူသည် ယခုနေရာတွင် လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက စပါးစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ လက်ရှိလယ်ဧက စုစုပေါင်း ၆ ဧက ရှိပြီး နှစ်စဉ်တင်း ၁၀၀ ကျော်သာထွက်ရှိသည်ဟု မောင်ကျော်ဒီးငှာက ရှင်းပြသည်။ ထွက်ရှိ လာသည့် စပါးများကို ဝမ်းစာအတွက်သာ အဓိက အသုံးပြုသည်။

ယခုလို လယ်စိုက်ခြင်းကို တစ်မိုးတွင်းစာသာပြုလုပ်နိုင်ပြီး စပါးပြီးနောက် အခြားသီးနှံစိုက်ပျိုးရန် မြေဩဇာမ ကောင်းသည့်အတွက် ထပ်မစိုက်ဖြစ်ကြောင်း ဒေသခံလယ်သမားများက ဆိုသည်။ ၎င်းတို့ စိုက်ပျိုးသည့် စပါး သည် ဓါတ်မြေဩဇာ အသုံးမပြုဘဲ သဘာဝအတိုင်း စိုက်ပျိုးခြင်းဖြစ်ပြီး ဩဂဲနစ် စပါးပင်များသာဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။

Photo- KIC

ဒေသတွင်း စပါးစိုက်ခြင်း ဓလေ့သည်လည်း ပြည်မကဲ့သို့ မဟုတ်။ စုပေါင်း ဘုံစိုက်ပျိုးသည့် စနစ်ဖြစ်သည်။ အဆိုပါ စနစ်တွင် ရွာထဲရှိ လယ်သမားတစ်ဦး၏ လယ်ကို ရွာရှိ အခြားလယ်သမားများနှင့် ရွာသားများက အဖိုး အခမယူဘဲ လာရောက်စိုက်ပျိုးပေးသလို မိမိလယ်စိုက်ပြီးပါက တခြားသူ၏ လယ်စိုက်ခြင်းကိုလည်း သွား ရောက်ကူညီလုပ် ကိုင်ပေးကြခြင်း ဖြစ်သည်။ ယခုလို စပါးလာကူစိုက်သူများကို လယ်ပိုင်ရှင်မိသားစုက ထမင်းချက်ကျွေး ဧည့်ခံသည့် ဓလေ့ဖြစ်သည်။

“ဒီမှာက သူစိုက်ရင် ကိုယ်ကကူတယ်။ ကိုယ့်လယ်စိုက်ရင်လည်း သူတို့အကုန် လာကူတယ်။ အတူ စုပေါင်းလုပ် ကြတယ်။ တောင်ယာလုပ်ရင်လည်း ဒီလိုပဲ” ဟု မောင်ကျော်ဒီးငှာက ရှင်းပြသည်။

ယခုလို လယ်စိုက်ပျိုးရန်အတွက် ရေအရင်းအမြစ်အဖြစ် ဒေါနတောင်ကျရေကိုသာ အဓိက အားထားရခြင်း ဖြစ် သည်။ သို့သော်လည်း ရာသီဥတုဖောက်ပြန်မှုက ရေအရင်းအမြစ်များ ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် တစ်ခါတစ်ရံ ကြုံတွေ့လာသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

ထို့အပြင် တောင်ကျရေကိုသာ နေ့စဉ်သောက်သုံးရေ အဖြစ်အဓိက အားထားရသည့်အတွက် တောတောင်များ ပြုန်းတီးကာ ရေအရင်းအမြစ်ထိခိုက်သွားမည်ကို မလိုလားကြောင်း ဒေသခံလယ်သမားများက တညီတညွတ် တည်းပြောသည်။

“ အခုမြင်နေရတဲ့ ဝါးမီကလားရွာနားက တောင်ကို ကိုးလုတောင်လို့ခေါ်တယ်၊ ဒီဘက်ကတောင်ကိုတော့ ခလဲဖဒိုးလု တောင်လို့ခေါ်တယ်။ လယ်စိုက်နားရင် ဟင်းရွက်ခူး၊ မျှစ်ရှာ တောတိုးကြတယ်” ဟု ဒေသခံ လယ်သမားတဦးက ရှင်းပြသည်။

ယခင်က ရွာအနီးရှိ တောင်များတွင် တောဝက်ကဲ့သို့သော တောကောင်များရှိပြီး လက်ရှိအချိန်တွင် ရွာသား အများစု တူမီးသေနတ်ဖြင့် တောကောင်လိုက်သည့်အတွက် တောကောင်များ ရှားလာသည်ဟု ဒေသခံများက ပြောသည်။

လယ်သမားအများစုသည် လယ်စိုက်ပျိုးပြီးနောက် ရွာသို့ ပြန်လည်နေထိုင်လေ့ရှိသလို မောင်ကျော်ဒီးငှာ မိသားစု က ထိုသို့မဟုတ် ရွာထဲရှိအိမ်ကို စားသောက်စရာများ ဝယ်ယူချိန်နှင့် အချို့သော ကိစ္စရပ်များ ရှိမှသာ ပြန်လေ့ရှိ ပြီး လယ်တဲတွင်သာ အချိန်ကုန်လေ့ရှိသည်ဟု ဆိုသည်။

Photo- KIC

ထိုအပြင် လယ်စိုက်နားချိန်တွင် တစ်နိုင်တစ်ပိုင် ကြက်၊ ကြက်ဆင်၊ ဝက်နှင့် ဆိတ်မွေးမြူရေး တို့ကိုလည်း လုပ် ကိုင်သည့်အတွက် ယခုလိုလယ်တဲတွင်သာ အနေများသည်ဟု သူက ဆိုသည်။

“ရေအတွက်မပူရဘူး။ တောင်ကျရေကို သုံးတယ်။ မီးအတွက် ဆိုလာအသေးရှိတယ်၊ ဖုန်းနဲ့ ဓါတ်မီးအားသွင်းလို့ ရတယ်။ ဟင်းရွက်က အချို့စိုက်တယ်၊ အချို့တောထဲသွားခူးတယ်၊ အသားစားချင်ရင် မွေးထားတာရှိတယ်။ ဒီမှာ ဘာမှ မပူရဘူး” ဟု မောင်ကျော်ဒီးငှာက အပူကင်းစွာ ရှင်းပြသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးလေပြီး မွန်းတည့်ချိန်မှ ညနေစောင်းချိန်သို့ ရောက်ရှိလာချေပြီး၊ လယ်တဲသို့ လုပ်ငန်းခွင်အသီးသီးမှ အနားယူရန် အသီးသီးပြန်လာသည်ကို တွေ့ရသည်။

ရွာသူ၊ ရွာသား တို့သည် တစ်နေ့တာ ပင်ပန်းထားသမျှကို အမောဖြေရင်း ထမင်းစားကောင်း အိပ်ကောင်းရန် ဒေသ အခေါ် စေးမူဝါးဖြစ်သည့် ကိုယ်တိုင်ချက်အရက်ကို ဆေးဝါးဖြစ်သောက်သုံးကာ စနောက် စကားစမြည်း ပြောဆိုနေကြသည်။

လယ်တဲက ကြက်၊ ဝက်၊ ဆိတ် တို့သည်လည်း အစာဝပြီးနောက် အိပ်တန်းဝင်လျက် လယ်တဲ ပတ်ဝန်းကျင် တစ်ခုလုံး ဆိတ်ငြိမ်သွားကာ အားလုံးပူပင်သောက ကင်းလျက် အိပ်မောကျသွားကြသည်ကို မြင်တွေ့ရသူတိုင်း ကျေနပ်ရောင့်ရဲတတ်သည့် စိတ်နေစိတ်ကို အားကျပီတိ ဖြစ်မိလေတော့သည်။