ဇွန်လ ၄ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ တောင်သုံးလုံး ကျေးရွာရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ နေအိမ်အများစု ဖောက်ထွင်းခံထားရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကပြောသည်။
အရှေ့တောနယ်ဒေသ ထားဝယ်-မေတ္တာ-ထီးခီးကားလမ်းမပေါ်ရှိ တောင်သုံးလုံးကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ မေလတတိယအပတ်ခန့်တွင် ၎င်းစစ်ဘေးရှောင်တချို့ နေရပ်ပြန်ဝင်လာနိုင်ချိန်တွင် နေအိမ်အများစုမှာ ဖောက်ထွင်းခံထားရကြောင်း ၎င်းဒေသခံနှင့် နီးစပ်သူများက ပြောသည်။
မေတ္တာမြို့ ဒေသခံတစ်ဦးက “တချို့တွေကြတော့လည်း ပြန်ကြတာရှိတယ်။ ပြန်ကြတဲ့သူတွေဆီကနေ သတင်းတွေ ပြန်ကြားရတာပေါ့။ နေအိမ်တွေဖောက်ခံရတယ်ဆိုပြီး။ အခုဆို စစ်ဘေးရှောင်နေရတာ သုံးလ ကျော်လောက်ရှိပြီး။ စစ်တပ်က ရုတ်တရက် စစ်ကြောင်းထိုးတာတွေရှိနေတော့ မပြန်ကြသေးတဲ့ စစ်ဘေး ရှောင်တွေလည်းရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ကျေးရွာအတွင်းရှိ ဖောက်ထွင်းခံရသည့် နေအိမ်အများစုတွင်လည်း နေအိမ်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများ၊ အိမ် ထောင်ပရိဘောဂပစ္စည်းများအပြင် အိမ်အသုံးဆောင်ပစ္စည်းများပါမကျန် စစ်ကောင်စီမှ သယ်ဆောင်သွား ကြောင်း မျက်မြင်တွေ့ရှိသည့် ၎င်းမေတ္တာမြို့ ခံတစ်ဦးကဆက်ပြောသည်။
နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ် သားခုနစ်ဦးထက်မနည်းသေဆုံးပြီး လူနေအိမ်၊ ဆေးရုံ နှင့် ဘာသာရေး အဆောက်အဦး အမြောက်အများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။
“နေအိမ်တွေအရေအတွက်ကိုတော့ အတိအကျပြောလို့မတတ်ဘူး။ ပြီးတော့ အိမ်ထဲကပစ္စည်းတွေ တော်တော် ပျောက်ကုန်တယ်။ နေအိမ်မီးလောင်တာတွေလည်းရှိတယ်။ ဆယ်လုံးနီးပါးလောက်ရှိတယ်။ လက်နက်ကြီး ထိတာတွေရောပေါ့။ ပြီးတော့ ဆေးရုံတွေ ဘုန်းကျောင်းတွေလည်းပျက်စီးသွားတယ်။ ရွာပျက်လိုတောင် ဖြစ် သွားတယ်။” ဟု မျက်မြင်တွေ့ရှိသည့် နောက်ထပ် မေတ္တာမြို့ခံတစ်ဦး ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ထားဝယ်အရှေ့တောဒေသတွင် ဖြစ်ပွားခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ နှင့် လေကြောင်းပစ်ကူများ ကြောင့် ကျေးရွာ(၁၀)ရွာနီးပါးမှ ဒေသခံပြည်သူ ထောင်နှင့် ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေကြရ ကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီသူဒေသခံများထံမှ သိရသည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ ပြီးခဲ့သည့် ဧပြီလ ထုတ် အစီရင်ခံစာအရ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည့် တနင်္သာရီတိုင်းတွင် အရပ်သားပြည်သူ (၆၀,၀၀၀) နီးပါး နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။



















