ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသော ၎င်းတို့စခန်းများကို ပြန်ရယူနိုင်ရန် ပြီးခဲ့သည့် မေလပိုင်းမှစတင်၍ အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာနေကြောင်း KNU တပ်မဟာ(၃) သတင်းအရင်းအမြစ်များမှ သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များကြောင့် တပ်မဟာ(၃)နယ်မြေရှိ ၎င်းတို့စခန်း(၁၀)ခုကို လက်လွှတ်ခဲ့ရသလို ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ၏တပ်စခန်းမှာလည်း (၁၇)ခု အထိ ရှိနေသည်။
ထိုစခန်းများအား ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက မေလဒုတိယအပတ်မှစတင်၍ အင်အား(၂၀၀)ကျော်ဖြင့် ရွှေကျင်မြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်ထိလည်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ(၃)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “စစ်တပ်က သူတို့လက်လွှတ်ခဲ့ရတဲ့စခန်းအဟောင်းတွေကို ပြန်လိုချင်တယ်။ ဒါကြောင့် အခု သူတို့စစ်ကြောင်းတွေတက်လာတာ။ လူဦးရေ ၂၀၀ ကျော်နဲ့ နဂိုရှိတဲ့လူဦးရေနဲ့ပေါင်းရင်တော့ ၃၀၀ ကျော်လောက်ပေါ့။ ရွှေကျင်မှာရှိတဲ့ တပ်ရင်း(၇)နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့်သွားကြတာ လက်ရှိကတော့ ကျောက်ကြီးထဲမှာ တပ်ရင်း(၉)နဲ့ တိုက်ပွဲထပ်ဖြစ်တယ်။” ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့်အတူ အဆင့်မြင့်လက်နက်များလည်း ပါရှိလာပြီး ၎င်းတို့တက်လာရာ လမ်းတစ်လျှောက်တွင် အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံများ နေအိမ်မှစွန့်ခွာထွက်ပြေးရကြောင်းလည်း ဒေသတွင်းနှင့်ကေအဲန်ယူ သတင်းအရင်းအမြစ်များမှ သိရသည်။
“ရွှေကျင်ဘက်က ရွာတွေရော ဒီကျောက်ကြီးဘက်ကရွာသားတွေရော ပြေးရတယ်။ တိုးလာတဲ့တပ်မှာ ဂျာမန်ထုတ် စစ်ကားတွေ၊ လက်နက်ကြီးတွေ ဒရုန်းတွေလည်းပါတယ်။ သူတို့အဖွဲ့သားတွေအတွက် လမ်းကြောင်းရှင်းတဲ့သဘောနဲ့ အနီးအနားမှာရှိတဲ့စစ်တပ်စခန်းတွေကနေလည်း လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။” ဟု အထက်ပါ တပ်မဟာ(၃)တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။
တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလမ်းရှင်းပေးမှုအပြင် တိုက်ပွဲမဖြစ်ပွား သည့်ရက်များတွင်လည်း လက်နက်ကြီးမကြာခဏ ပစ်ခတ်သောကြောင့် ဒေသခံနှင့် ဒေသခံပိုင် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးနေရကြောင်း ကေအဲန်ယူ-ဗဟိုဘက်ကလည်း ထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသည်။
ကျောက်ကြီးမြို့နယ်နေ ဒေသခံအမျိုးသမီးတစ်ဦးက “ပွဲတွေကတော့ ဆက်တိုက်ပဲ အခု စစ်တပ် ကအင်အားထပ်တိုးပြီး တက်လာတာ။ သူတို့စခန်းတွေမှာလည်း မထိုင်ဘဲနဲ့ပတ်တိုက်နေတာ။ လက်ရှိ ကတော့ ကော်သာစေးရွာဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးနဲ့ရော ဟောင်ဝှစ်ဇာတွေနဲ့ရော စစ်တပ်က ပစ်ကူတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် မေလ(၃၁)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်နှင့်ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးအပါအဝင် တိုက်လေယာဥ်ဖြင့်ပါ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အမျိုးသမီး(၁)ဦး သေဆုံး၍ (၇)နှစ်အရွယ် ကလေးငယ်(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း KNU ၏ ဇွန်လ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက လက်လွှတ်ခဲ့ရသည့် တပ်စခန်းများတွင် နောက်ဆုံးတပ်စခန်းတစ်ခုဖြစ်သော ကျောက်ကြီးမြို့နယ်ရှိ ဘောကထ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဘက်က တိုက်ခိုက်စဥ်ကလည်း စခန်းမကျရေး စစ်တပ်ဘက်က လက်နက်ကြီးရော လေကြောင်းပါ အသုံးပြုတိုက်ခိုက်သည့်အတွက် ဒေသခံများမှာ နီးစပ်ရာတောတောင်များတွင် ရှောင်ပုန်းနေထိုင်ရကြောင်း ဒေသခံများကပြောသည်။



















