Home သတင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငွေဈေးမတည်ငြိမ်၍ မွန်နှင့် ကရင်တွင် ကုန်စျေးနှုန်းများ အဆမတန် ထိုးတက်

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငွေဈေးမတည်ငြိမ်၍ မွန်နှင့် ကရင်တွင် ကုန်စျေးနှုန်းများ အဆမတန် ထိုးတက်

1083
Photo: CJ

ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာကျပ်ငွေဈေးကျဆင်းပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်သည့်အပြင် နယ်စပ်လမ်းပန်း ဆက် သွယ်ရေး အခက်အခဲများကြောင့် မွန်နှင့် ကရင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ ပုံမှန် ထက် နှစ်ဆမြင့်တက်လျက်ရှိကြောင်း ကုန်ပစ္စည်းရောင်းချသူနှင့် စားသုံးသူများထံမှ သိရသည်။

ပြီးခဲ့သည့်မေလမှစ၍ ရာသီဥတုကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းများ ပျက်စီးသဖြင့် မော်တော်ယာဥ်များ သွားလာရခက်ခဲသည့်အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာ ကျပ်ငွေ (၃,၀၀၀)ထောင်ကျော်မှ (၄,၀၀၀)ကျော်သို့ ရောက်ရှိလာပြီး ထိုင်းဘတ်ငွေ ဈေးသည်လည်း မြန်မာငွေ ကျပ်(၁၀၀)ဝန်းကျင်မှ ကျပ်(၁၃၀)ဝန်းကျင်အထိ ရောက်ရှိခဲ့သည်။

ထို့ကြောင့် မွန်နှင့်ကရင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းအပါအဝင် ကုန်ပစ္စည်း အများစုမှာ ယခင်က ထက် (၂)ဆ ခန့်မြင့်တက်လာသည့်အပြင် ပစ္စည်းအလွယ်တကူ ဝယ်ယူ၍ မရတော့ဘဲ ပို့ဆောင် သယ်ယူခလည်း ပိုများသွားကြောင်း ဖားအံမြို့တွင် အခြေခံစား သောက်ကုန်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ကုန်ပစ္စည်းတွေအားလုံးနီပါး ၂ ဆလောက်တက်တယ်။ တစ်ရက်တစ်ရက် အတက်မြန်တယ်။ တချို့ဆို အရင်က ၁ သောင်းအောက်ပဲ ရှိပြီး အခုစျေးနဲ့က သောင်းကျော်သွားတယ်။ တချို့ပစ္စည်းက အရင် တစ်ရာနှစ်ရာပဲတက်ရာကနေ တစ်ခါထဲ ထောင်နဲ့ချီပြီး လိုက်ခုန်တက်သွားတယ်။ ငွေစျေးပြန် ငြိမ်ရင် ဘယ်လိုနေမလဲတော့ မသိသေးဘူး။ လမ်းပျက်တဲ့အတွက် အခုက ပစ္စည်းတွေလည်း လာလို့မရဘူး။ သယ်စရိတ်နဲ့များသွားတယ်“ ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီသို့ ကုန်နှင့်ခရီးသည် တင်ဆောင်သည့် မော်တော်ယာဥ်များမှာလည်း သွားရေးလာရေးအတွက် ထို့ကော်ကိုးလမ်းအပါအဝင် တောလမ်း၊ မြေသားလမ်းများကိုသာ အားကိုးနေရသည့်အခြေအနေတွင် ထိုသို့ မိုးရွာသွန်းမှုများပြီး လမ်းပျက်စီးသောကြောင့် ပို့ဆောင်သယ်ယူခကို ပိုယူနေရခြင်းဖြစ်သည်ဟု ဆိုသည်။

Photo: CJ

မြဝတီတောလမ်းများပျက်စီးမှုအပြင် မေလအတွင်းမှာပင် မွန်ပြည်နယ်ဘက်မှ တံတားနှစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းများ ယာယီပြတ်တောက်ခဲ့ရာ ကုန်တင်နှင့် ခရီးသည် ယာဥ်များ အသွားအလာခက်ခဲပြီး လမ်းခရီးကြန့်ကြာမှုများ တွေ့ကြုံခဲ့ရသည်။

နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “တံတားတွေလည်းကျိုး အရင်ကတစ်ရက်ထဲခရီးတွေက အခု နှစ်ရက်သုံးရက် အထိဖြစ်သွားတော့ ဟင်းသီးဟင်းရွက်က အစစျေးတက်တယ်။ ဆန်အကြမ်း တွေဆိုလည်း တစ်သိန်းကျော်တက်သွားတယ်။ စျေးတွေကတော့ တစ်နိုင်ငံလုံးတက်တဲ့ သဘောမျိုးပါပဲ။” ဟု ဆိုသည်။

ထိုအခြေအနေတွင် အခြေခံလစာနှုန်းထားတိုးတက်မှုမရှိသောကြောင့် နေ့အခစား၊ လခစား သာမန် လူတန်းစားများအကြား လစာနှင့်ကုန်ဈေးနှုန်းကိုက်ညီမှုမရှိဘဲ နေ့စဥ်လူနေမှုဘဝ များစွာအခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

လက်ရှိတွင် Myanmar Market Price ၏ ယနေ့ ဇွန်လ(၃)ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းအရ ထိုင်း ဘတ်ငွေဈေးမှာ (၁၃၀)ဝန်းကျင်မှ (၁၀၀)ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားပြီကြောင်း သိရှိရ သော်လည်း ကုန်ဈေးနှုန်းများကမူ မြင့်တက်သည့်အနေအထားအတိုင်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။