Home သတင်း ရန်ကုန်-မော်လမြိုင် လမ်းမပေါ်ရှိ မစောတံတား မိုင်းခွဲခံရ၍ ပြည်သူတစ်ဦးသေဆုံး၊ (၃) ဦး ဒဏ်ရာပြင်းထန်

ရန်ကုန်-မော်လမြိုင် လမ်းမပေါ်ရှိ မစောတံတား မိုင်းခွဲခံရ၍ ပြည်သူတစ်ဦးသေဆုံး၊ (၃) ဦး ဒဏ်ရာပြင်းထန်

734
Photo: Social Media

မေလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား ယနေ့နံနက်အစောပိုင်းက မိုင်းဖောက်ခွဲခံရမှုတွင် ဆိုင်ကယ်မောင်းနှင်လာသူ (၁)ဦးသေဆုံးပြီး (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန်-မော်လမြိုင် ကားလမ်း မပေါ်ရှိ မစောတံတား(ဒေသအခေါ်)သည် မေလ၂၃ ရက်ယနေ့ နံနက်(၄)နာရီဝန်းကျင်အချိန်တွင် မိုင်းဖောက်ခွဲ ခံရခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“လက်ရှိမှာ ကားသွားလာရေးလမ်းကြောင်းက လုံးဝပျက်သွားတယ်။ ဆိုင်ကယ်စီး လာကြတဲ့ အမျိုးသား တစ်ယောက်သေပြီး ကျန်တဲ့သူတွေကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့နီးစပ်ရာ ဆေးရုံမှာ ကုသမှုခံယူနေရတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားနဲ့ မနီးမဝေးမှာပဲရှိတယ်။ ”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ မစောတံတားသည် အရှည်(၁၀၆)ပေ၊ တံတားအကျယ်(၂၄)ပေ၊ တံတား အမှတ်(၁/၁၃၀)ရှိကာ မိုင်းခွဲ ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ကေအိုင်စီ-ကရင် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo: Social Media

ပြီးခဲ့သည့် မေလ(၁၁)ရက်နံနက် အစောပိုင်းကလည်း ကျုံအိတ်တံတား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မော်တော်ယာဥ်အများစုမှာ လမ်းကျဉ်းမြောင်းသော ရွာချင်းဆက်လမ်းနှင့် တောလမ်းများမှတဆင့် ကွေ့ပတ် သွားနေရသောကြောင့် ယာဥ်ကြောပိတ်ဆို့မှုအပြင် တိုက်ပွဲကြား လုံခြုံရေးအန္တရာယ်ပါ တွေ့ကြုံနေရသည်ဟု ခရီးသွားလာသူအချို့က ကေအိုင်စီသို့ ပြောဆိုထားသည်။

မော်လမြိုင် မြို့နေဒေသခံတစ်ဦးက “ကျုံအိတ်တံတား အခြေနေကတော့ လမ်းလွဲကနေပြီးတော့ သွားနေကြ တာတော့ရှိတယ်။ တံတားကတော့ ပြန်လည် ပြင်ဆင်တာတွေမလုပ်ရသေးဘူး။ တံတားဘေးကနေလမ်းတစ်ခု လုပ်ပြီး သွားလာနေကြရတယ်။”ဟု ပြောသည်။

ယခု မေလအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းပေါ်ရှိ တံတားအများစုမှာ မိုင်းခွဲခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလျက်ရှိနေသည့်အပြင် ဘီးလင်း-ဖာပွန်လမ်းပိုင်းရှိ တံတားနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းနှင့် တံတား မိုင်းခွဲခံရသည့် ဖြစ်စဉ်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။