မေလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးစခန်းတွင် တိုင်းရင်းသားလူငယ်အဖွဲ့ (Ethnic Youth Association) ဦးဆောင်၍ ပြီးခဲ့သည့် မေလ ၂၃ က တစ်ရက်တာ တိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပြိုင်ပွဲလှုပ်ရှားမှုအစီအစဉ်တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
ဒုက္ခသည်စခန်းအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူငယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ ရရှိလာစေရန်၊ စိတ်ဖိစီးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများလျှော့ချနိုင်ရန် အဆိုပါအားကစားလှုပ်ရှားမှုကို ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ကျင်းပသူများက ပြောသည်။
စခန်းတွင် နေထိုင်သည့် ကျောင်းနေအရွယ် တိုင်းရင်းသားလူငယ်များနှင့် အစ္စလာမ်ဘာသာဝင်လူငယ်များပါ ဝင်သည့် အဆိုပါ ချစ်ကြည်ရေးအားကစားပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် လွန်ဆွဲပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးသည့်အပြင် ညဘက်တွင် ဉာဏ်စမ်းမေးခွန်းများမေးခြင်း၊ အားကစားပြိုင်ပွဲရလဒ်များအား ကြေညာြခင်းနှင့် ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။

နို့ဖိုးစခန်းတွင် လူငယ်အားကစား လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ၏ အခြေ အနေအကြောင်းအမျိုးမျိုးကြောင့် ၂၀၁၈ ခုနှစ်မှစကာ ရပ်တန့်ခဲ့ပြီး နှစ်စဉ်ကရင်နှစ်သစ်ကူး အားကစားပွဲများမှလွဲ၍ အခြားအားကစားလှုပ်ရှားမှုများ မရှိသလောက် ရှားပါးခဲ့သည်။
ထို့ကြောင့် အားကစားအစီအစဉ်အား ဖြစ်မြောက်လာစေရန် Ethnic Youth Association (တိုင်းရင်းသားလူငယ်အဖွဲ့ ) မှ စောအဲ့ဂေ ဦးဆောင်ပြီး (၂၀၁၉) ခုနှစ်တွင် စခန်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်သည့် လူငယ်များစုပေါင်း၍ ကော်မတီတစ်ခုဖွဲ့စည်းခဲ့သည်။
၎င်းအဖွဲ့မှ ဦးဆောင်ပြီး စခန်းတွင်းအားကစားလှုပ်ရှားမှုကို ၁ နှစ်အတွင်း နှစ်ကြိမ်ထက်မနည်း စီမံခန့်ခွဲလှုပ်ရှားဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအကြိမ်အားကစားလှုပ်ရှားမှုအစီအစဉ်အတွက်ကို ကရင်ဒုက္ခသည်ကော်မတီ( KRC)၏ ကူညီထောက်ပံ့ပေးမှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



















