မေလ ၂၅ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မိုးရွာသွန်းမှုများ၍ မြဝတီ-ထို့ကော်ကိုး တောင်တက်လမ်းများ ပျက်စီးနေပြီး ၎င်းလမ်းကို အသုံးပြုသွားလာနေသည့် ကုန်သွယ်ရေး နှင့် ခရီးသည်ပို့ဆောင်ရေးယာဉ်များအနေဖြင့် လမ်းခရီးသွားလာမှု ခက်ခဲနေကြောင်း မြဝတီ−ဖားအံ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
အဆိုပါ ထို့ကော်ကိုးလမ်းပိုင်းသည် မြေနီသားလမ်းဖြစ်ပြီး နွေရာသီတွင်ဖုန်ထူထပ်သည့်လမ်းဖြစ်သလို လက်ရှိ မိုးရာသီ ကာလတွင်လည်း မိုးရွာသွန်းနေ၍ ရွံ့ဗွက်များထပြီး လမ်းများပျက်စီးနေခြင်းကြောင့် (4 Wheels) ပါသည့် ကားများသာ အများဆုံးသွားလာနိုင်ကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။
၄င်းက “နွေတုန်းကတော့ ဖုန်ထူပေမဲ့သွားလို့အဆင်ပြေသေးတယ်။ အခုမိုးတွင်းဆိုတော့ မိုးရွာတာနဲ့ လမ်းကဗွက်ထပြီး နစ်ကုန်ရော။ ၁၂ ဘီးတွေလည်းမှောက်တယ်။ လမ်းကတောင်ထိန်းနံရံတွေ မရှိဘူး။ မြေနီလမ်းဆိုတော့ မိုးရွာရင်ဗွက် ထ တော့အဆင်မပြေဘူး။ ကားတွေကအရမ်းများတော့ ပိတ်နေတာလည်းရှိတယ်။ ညဘက်ရောက်ရင်တောင် မိုးရွာလို့ ကား တစ်စီးမှဆင်းမရဘူး။ ခရီးသယ်ကားတွေဆိုလည်းညအိပ်ရတယ်။ ဘယ်တက်နိုင်မလဲ မိသားစုစားဝတ်နေရေး အတွက် အသက်နဲ့ရင်းပြီး မောင်းနေရတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီးသွားလာမှုပြတ်တောက်ပြီးနောက် ကုန်တင်ယာဉ်များ ခရီးသည်တင် ယာဉ်များသည် ထို့ကော်ကိုးလမ်း နှင့် ကြက်ဥတောင်လမ်းများကို ပြောင်းလဲ အသုံးပြုနေရပြီး အဆိုပါ လမ်းများကို ပြုပြင်နေဆဲဖြစ်ကာ ယခုလို လမ်းများပျက်စီးနေသောကြောင့် ကုန်သွယ်မှု ကြန့် ကြာသည့်အပြင် လမ်းခရီးများလည်း ပြတ်တောက်နေလျက်ရှိသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။
ထို့အပြင် ယခုလိုလမ်းပိုင်းများ ပျက်စီးနေခြင်းကြောင့် ကုန်သည်များနှင့် ဒေသခံများ၏ လုပ်ကိုင်စားသောက်မှု နှင့် ကျန်းမာရေး၊ လူမှုရေးများ ထိခိုက်လာပြီး ယာဉ်ငှားခများလည်း စျေးတက်လာကြောင်း ကုန်သည်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။
၄င်းက “ပစ္စည်းပို့ရင် လမ်းကြောင်းကဘယ်လိုမှအဆင်မပြေတော့ဘူး။ ပုပ်တက်တဲ့ပစ္စည်းတွေလည်းလမ်းမှာပဲ ပစ်လိုက် ရတယ်။ ကားခအရင်က ၃ သောင်းဆိုရင် အခုဆို ၈ သောင်းအထိရှိတော့ အကုန်လုံးအရှုံးကြီးပဲ။ ကားတွေက ဗွက်နစ် တော့ ဘယ်လိုမှရုန်းလို့မရဘူး။ လုပ်စားရတာ စိတ်ညစ်ပါတယ်။ အကုန်လုံးဖြစ်နေတာဆိုတော့ ဒီလိုပဲရတဲ့ နည်းကိုရှာနေ ရတယ်။ ဒါတောင် မိုးဆက်တိုက် မရွာသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေး ပူးပေါင်း တပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်သည့်အတွက် မြဝတီ-ကော့ကရိတ်အာရှလမ်း ပြတ်တောက်သွား၍ KNU/KNLA-PC ထိန်းချုပ်သည့် မြဝတီ-ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်းကို ပြောင်းလဲအသုံးပြုသွား လာနေ ကြရခြင်းဖြစ်သည်။



















