ဗုံးခိုကျင်းထဲက သမီးလေး ကေကေ
မေလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ စအိုင်ဆူး
“ဦးဦးရေ ကတုတ်ကျင်းထဲမှာ လာဝင်နေ” လို့ အော်ခေါ်လိုက်ခြင်းကြောင့် လှည့်ကြည့်လိုက်မိချိန်တွင် ၇ နှစ် အရွယ် ကေကေ ဆိုသည့် ကလေးမလေးတစ်ဦး ဗုံးခိုကျင်းလေးထဲတွင် တစ်စုံတစ်ရာကို နားစွင့်နေသယောင် ငုတ်တုတ်ကလေးထိုင်နေသည်။
လေယာဉ်သံ ကြားကြားချင်းပင် ဗုံးခိုကျင်းထဲသို့ ပြေးဝင်သွားခဲ့ပြီး တစ်စုံတစ်ခု ဖြစ်လာလေမလားဆိုသည့် အကြည့်ဖြင့် ငြိမ်လျက်သား မျက်တောင်ပင်မခတ်ဘဲ ကေကေတစ်ယောက် နားစွင့်နေခဲ့သည်။ မိနစ်အနည်းငယ် ကြာ ငြိမ်သက်စွာ နားထောင်ရင်း လေယာဉ်သံပျောက်သွားမှသာ ဗုံးခိုကျင်းထဲက ကေကေတစ်ယောက် ပြန်ထွက်လာခဲ့သည်။
အသက် (၇) နှစ်အရွယ်သာ ရှိသေးသည့် ကေကေသည် ယခင်ဗုံးကြဲခံရဖူးသည့် ဖြစ်စဉ်တစ်ခုကြောင့် ယခုလို ကြောက်စိတ်ဝင်ပြီး ပုန်းရှောင်တတ်သွားခြင်းဖြစ်ကြောင်း အစ်ကိုဖြစ်သူက ယခုလို လှမ်းအော်ပြောပြသည်။
“အရင်တစ်ခါတုန်းက လေယာဉ်နဲ့ ဗုံးလာကြဲတုန်းက တစ်ခါထိဖူးလို့ ကြောက်ပြီးတော့ ပုန်းနေတာ။” ဟု အစ်ကိုဖြစ်သူက ပြောသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းက စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းကို ဟန့်တားတိုက်ခိုက် နေသည့် ဗိုလ်တွန ဦးဆောင်သော (Black Panther) ကျားသစ်နက်စစ်ကြောင်း၏ အခြေစိုက်စခန်းကုန်းတစ်ခုကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ဝင်ရောက်ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ကေကေတစ်ယောက် အွန်လိုင်းဖြင့် စာသင်နေစဉ် စစ်ကောင်စီ၏ လေယာဉ်များက စခန်းကို ရုတ်တရက် ဝင်ရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း အဖြစ်အပျက်ကို သမီးလေး ကေကေက ယခုလို ပြန်ပြောင်းပြော ပြသည်။
“သမီးစာသင်နေတုန်း လေယာဉ်ပျံက ဟုန်းဆိုထိုးချပြီးတော့ကြဲသွားတာ။ အဲ့မှာအမေက သမီးကိုဖက်ထားတာ။ အဲ့မှာတစ်ချက်ငြိမ်ပြီးတော့ အစ်ကို့ဆီကို ပြေးသွားတယ်။ လေယာဉ်က ပြန်ပြီးတော့တခါ ခဏခဏ ကြဲတာ။ အဲ့ဒါ ကြောင့် လေယာဉ်သံကြားရင် သမီးကြောက်တယ်။” ဟု အရွယ်နှင့် မမျှအောင် ကြုံလိုက်ရသည့်အဖြစ် အပျက် တစ်ခုကို ပြန်ပြောပြလေခြင်းဖြစ်သည်။
စစ်ကောင်စီက ဂျက်ဖိုက်တာဟုယူဆရသည့် လေယာဉ် ၃ စင်းဖြင့် အဆိုပါ စခန်းကုန်းကို လက်နက်ကြီးအလုံး ၃၀ ခန့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ၎င်းဖြစ်စဉ်တွင် သမီးနှင့်အတူ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကေကေ၏ မိခင်က ဆိုသည်။
အပြင်းအထန် တိုက်ခိုက်ခံလိုက်ရသည့် အဆိုပါ စခန်းကုန်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ၎င်းတို့ ၏ မိသားစုများ စုစုပေါင်း လူဦးရေ ၄၀ နီးပါးခန့် ရှိနေသော်လည်း ကံကောင်း၍ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းမရှိကြောင်းလည်း ကေကေ၏ မိခင်ဖြစ်သူက ယခုလိုပြောပြသည်။
“ကလေးနှစ်ယောက်က တကွဲတပြား ဖြစ်သွားတာ။ သူ့(ကေကေ)အစ်ကိုက ကတုတ်ကျင်းထဲကိုရောက်သွား တော့ အဲ့ကိုပြေးသွားကြတာ။ အမှန်က ကတုတ်ကျင်းထဲကို အရောက်မြန်လို့ပေါ့။ သမီးဆိုလန့်ပြီးတော့ နှလုံးခုန် မြန်နေတာ။ မအေက ဖိထားပေးရတာ။ အပြင်ကို ကြည့်တော့လည်း မီးခိုတွေ မှောင်ခံနေရောပဲ။ သေပြီးလို့ ထင်ထားတာ။ ကံကောင်းတယ်။ အဲ့မှာ လူ ၄၀ ပတ်ဝန်းကျင်လောက်ရှိတာ တစ်ယောက်မှ ဘာမှ မဖြစ်သွားဘူး။” ဟု ပြောပြသည်။
ကေကေ၏ ဖခင် ဖြစ်သူမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာ(Cobra Column) စစ်ကြောင်းတွင် ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည့် ဖခင်၏ သတင်းများကြောင့် ဇာတိမြေတွင် မနေ ဝံ့ တော့ဘဲ ပဲခူးတိုင်း ဇာတိဖြစ်သူ ကေကေသည် (၁၆) နှစ်အရွယ်အစ်ကိုအပါအဝင် မိခင်ဖြစ်သူနှင့်အတူ ဖခင် ရှိရာ တိုက်ပွဲနယ်မြေထဲကို လိုက်လာခဲ့ရသည်။
ကရင်တိုင်းရင်းသားမဟုတ်သော်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်တွန်းလှန်လိုသည့် အမျိုးသားဖြစ်သူ၏ စိတ်ဆန္ဒကို မပိတ်ပင်သည့်အပြင် ကေကေ၏ မိခင်ဖြစ်သူမှာ စစ်ကြောင်းနောက်တန်းစခန်းတွင် ရှေ့တန်းရဲဘော် များအတွက် လိုအပ်သည့် စားနပ်ရိက္ခာ ပြင်ဆင်ချက်ပြုတ်ရင်း တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာ တွင် ပါဝင်အားဖြည့်ပေးနေသူဖြစ်သည်။
ကေကေမှာ မိခင်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား တောတွင်းထဲတွင် လိုက်လံပုန်းအောင်းနေထိုင် နေရင်း အင်တာနက်လိုင်းရသည့် အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖွင့်လှစ်ပေးထားသော အွန် လိုင်းစာသင်ကျောင်းတွင် ပထမတန်းကို သင်ယူနေသလို အစ်ကိုဖြစ်သူမှာလည်း ဆဌမတန်းကို အွန်လိုင်းက နေတဆင့်သင်ယူနေသည်။
စစ်ကောင်စီအနေဖြင့် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ရရှိနိုင်ရေးအတွက် နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ကာ တပ်မ(၅၅) ဦးဆောင်သည့် တပ်ဖွဲ့အင်အား (၅၀၀)ခန့်ဖြင့် မြေပြင် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကော့ကရိတ်မှတဆင့် အာရှလမ်းဟောင်းနှင့် အာရှလမ်းသစ်ဘက်တွင် အသေခံ ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် ကော်ဘရာ၊ ကျားသစ်နက်၊ ကျားဖြူ အစရှိသည့် KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက မြေပြင်တွင် အပြင်း အထန်ကြားဖြတ် ဟန့်တားတိုက်ခိုက်နေလျက်ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကို ထိုးဖောက်နိုင်ရန် မြေပြင်စစ်ကြောင်းများကို လေကြောင်း၊ လက်နက်ကြီး နှင့် ဒရုန်းပစ်ကူများကို စစ်ကောင်စီဘက်က အပြင်းအထန် လုပ်ဆောင်နေ သော်လည်း အကျအဆုံးများဖြင့် ရှေ့မတိုးနိုင်ဘဲ စစ်ကြောင်းမှာ ရပ်တန့်နေလျက်ရှိသည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။
ထိုသို့ မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီအနေဖြင့် ၎င်းတို့ အားကိုးအားထားရာ လေကြောင်း တိုက်ခိုက်မှုကိုသာ ပိုမိုလုပ်ဆောင်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စခန်းကုန်းများကို အဓိကထား ပစ်ခတ်လာခြင်းကြောင့် ကော်ဘရာစစ်ကြောင်း နောက်တန်းစခန်းတွင် ရောက်ရှိနေသည့် ကေကေအတွက် စိတ်မလုံခြုံမှုများဖြင့် ညစဉ် အိပ်စက်နေရသည်။
ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ထားရသူပီပီ ကေကေတစ်ယောက် လေယာဉ်သံနှင့် အလား သဏ္ဍာန်တူ အသံများကို ကြားရပင်လျှင် ဂနာမငြိမ်ဖြစ်နေလေ့ရှိပြီး နောက်ထပ် အလားတူ အဖြစ်ဆိုး မျိုးကြုံ ရမည့်ကို စိုးရိမ်နေရသည့် စိတ်ဒဏ်ရာမျိုးရရှိထားပုံလည်းပေါ်သလို ညစဉ်ဗုံးခိုကျင်းတွင် မိခင်နှင့်အတူ ဝင်အိပ်နေရဆဲဖြစ်သည်။
ယခုလိုအသံနှင့် မျက်မြင်ကြုံတွေ့လိုက်ရသည့် အဖြစ်ဆိုးမြင်ကွင်းကြောင့် ကလေးတွင် စိတ်ဒဏ်ရာရရှိထားသည့် လက္ခာဏာများရှိနေပြီးဖြစ်၍ စိတ်ပိုင်းဆိုင်ရာကုစားမှုများကို လုပ်ဆောင်ပေးသင့်ကြောင်း၊ အချိန်ကာလ ကြာမြင့်စွာ မကုစားနိုင်လျှင် စိတ်ဖိစီးမှုရောဂါများကို ကြုံတွေ့လာရနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက်ပြီး စိတ်ကျန်းမာဆိုင်ရာ အသိပညာပေးမှုလုပ်ငန်းများလုပ်ဆောင်နေသည့် RISE Center မှ စိတ်ပညာနှင့် EMDR ကုထုံးပညာရှင် ဒေါက်တာ Grace က ယခုလို ပြောသည်။
ဒေါက်တာ Grace က “တကယ်လို့ ဒီကြားထဲမှာ မလုပ်ပေးနိုင်ဘဲ ကြန့်ကြနေမယ်၊ တစ်ခုခုရှိနေမယ် ဒါမှမဟုတ် ဒါကို ကုသမှု သေသေချာချာ မယူနိုင်ဘူးဆိုရင်တော့ သူ့ရဲ့နောက်ဆက်တွဲ အနေနဲ့ စိတ်ကျရောဂါလို စိတ်ဖိစီးမှု ရောဂါမျိုးတွေကို ဖြစ်နိုင်တာမျိုးလည်းရှိနိုင်တယ်” ဟု သတိပေးပြောဆိုသည်။
သို့သော် ကေကေ တစ်ယောက် လက်တွေ့ကြုံနေရသည့် အခြေအနေတွင် မြို့ပြနှင့် အဝေးဆုံးနေရာ တော တောင်ဒေသများတွင် စိတ်ပိုင်းဆိုင်ရာကုစားပေးနိုင်မည့် အခြေအနေမျိုးလည်းမရရှိနိုင်သလို ပညာကို ကောင်း စွာမသင်ကြားရသည့် သူမ၏ အနာဂတ်မှာလည်း မသေချာမရေရာသည့် အခြေအနေတွင် ရှိနေသည်။
၎င်းအပြင် အရှိန်ဟုန်မြင့်လာမည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးကို မရပ်တန့်နိုင်သေးသ၍ ကေကေ တစ်ယောက် မိခင်နှင့်အတူ ရှေ့တန်းက ပြန်လာမည့် ဖခင်ကို မျှော်နေရင်း ဗုံးခိုကျင်းထဲတွင် စိုးရိမ်စိတ်များဖြင့် ညစဉ် ဆက်အိပ်နေရအုံးမည်သာဖြစ်သည်။



















