မေလ ၂၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုန်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ စစ်ကောင်စီတပ်၏ အင်ဖော်မာ သတင်းပေး သက်လွင်ဦးကို ယနေ့မေလ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်တွင် တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အား စု(KRF)က သတတင်းထုတ်ပြန်ထားသည်။
အဆိုပါ သက်လွင်ဦး(ရဲပြုတ်)ဆိုသူသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက် များကို စုံစမ်းပြီး စစ် ကောင်စီတပ်များကို သတင်းပေးပို့နေခြင်းနှင့် လက်နက်ကိုင်ဆောင်၍ အပြစ်မဲ့အရပ်သားပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်နေသည့်အတွက်ကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ပေါင်း၍ စစ်ရေးအဖြစ်သတ်မှတ်ကာ ဇုတ်သုတ်ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြားတစ်နေရာတွင် ပစ်သတ်ရှင်းလင်းခဲ့သည်ဟု (KRF) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းကို စုံစမ်းပြီး စစ်တပ်နဲ့ရဲကို သတင်းပေးတဲ့ ဒလန်အကြီးစားရယ်၊ လက်နက် အားကိုးနဲ့ ပြည်သူတွေကို ပါဝါ အာဏာတွေနဲ့ ခြိမ်းခြောက် တာရယ်၊ စစ်မှုထမ်းဖို့ လူငယ်တွေရဲ့ စာရင်းကို စကစ နဲ့ရဲကို ပို့ပေးနေတာတွေရယ်ကြောင့် ရှင်းလင်းတာပါ”ဟု ၎င်း ပြောခွင့်ရသူက ပြောသည်။
စစ်ကောင်စီတပ်၏ အင်ဖော်မာသက်လွင်ဦး(ရဲပြုတ်)ကို ပစ်ခတ်ရှင်းလင်းရာတွင် ၎င်းနှင့်အတူ လက်ပစ်ဗုံး ၂ လုံး၊ ငွေကျပ် ၁၅၀၀ နှင့် အိတ်တစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟုလည်း KRF က ထုတ်ပြန်ထားသည်။
ယခုလို စစ်ကောင်စီတပ်များကိုအဖက်ဖက်မှ ကူညီပေးနေပြီး လက်နက်ကိုင် ဆောင်ကာ ပြည်သူများအပေါ် ငြိမ်းခြောက်မှုများ လုပ်ဆောင်သူမှန်သမျှကို စစ်ကောင်စီတပ်နှင့် နည်းတူ ရန်သူအဖြစ်သတ်မှတ်ကာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း KRF ကအသိပေး ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်း အတွက် လူစုဆောင်း ခေါ်ယူပေးသူ အုပ်ချုပ်ရေးမှူးအသစ် ဦးစံလွင်နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဘုန်းကြီးဦးစန္ဒိမာဆိုသူကို ပစ်သတ်ရှင်းလင်းခဲ့သေးဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီတပ်က အတည်ပြုပြဌာန်း လိုက်ပြီးသည့်နောက် မွန်ပြည်နယ်တွင်၊ ရပ်ကွက် ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်တာဝန်ရှိသူများသည် ဒေသအတွင်းရှိ လူငယ်လူရွယ် များ၏ အမည်စာရင်းများကို ကောက်ယူပြီးဆင့်ခေါ်စာဖြင့် ခေါ်ယူ၍ မဲနှိုက်ခိုင်းကာ စစ်တပ်ထဲသို့ အတင်းအဓမ္မ သွပ်သွင်းလျက်ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။
ယခု၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ထောက်တိုင်နှင့် အုပ်ချုပ်ရေးမှူး ၆ ဦးအထိ ရှင်းလင်းခဲ့ကြောင်း KRF က ထုတ်ပြန်ထားသည်။



















