ကရင်ပြည်နယ် မြဝတီတိုက်ပွဲအပေါ် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေအား သုံးသပ်ခြင်း
မတ်လ ၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဗေဒါ (မြစ်ဝကျွန်းပေါ်)
—–
နိဒါန်း
KNU-ကရင်အမျိုးသားအစည်းအရုံးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများထဲမှာ သက် တမ်းရှည်သော ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည်၊၊ ၁၉၄၉ ခုနှစ်၌ လက်နက်ကိုင်တော်လှန်ရေး စတင်ပြီးနောက် မြန်မာအစိုးရ အဆက်ဆက်ဖြစ်သော ဖဆပလ ဦးနုအစိုးရ၊ ဦးနေ ဝင်း ဦးဆောင်သည့် မဆလ အစိုးရမှ နဝတ၊ နအဖ စစ်အစိုးရခေတ်အဆက်ဆက်ထိ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုလည်း ကြိမ်ဖန်များစွာဆောင်ရွက်ခဲ့သည်၊၊ KNU ကရင်အမျိုးသားအစည်းအရုံး သည် စစ်အစိုးရအဆက်ဆက်နှင့် တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်သည့် အကြိမ်တိုင်း တွင် KNU ကရင်အမျိုးသားအစည်းအရုံးအတွင်း သဘောထားကွဲလွဲမှု အကွဲအပြဲများ ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရသည်၊၊
ထို့အတူ ၁၉၉၄ ခုနှစ်တွင် ကြီးမားသည့် အကွဲအပြဲကြီး ဖြစ်ပေါ်လာ၍ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားတပ်မတော် (Democratic Kayin Buddhist Army-DKBA/DKBO ) အဖွဲ့ ပေါ်လာခဲ့ပြီး မြန်မာစစ်တပ်နှင့်ပူးပေါင်းကာ KNU ကို ပုန်ကန်တိုက်ခိုက်လာသဖြင့် ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလတွင် KNU ဌာနချုပ်မာနယ်ပလောကို လက်လွှတ်လိုက်ရသည်၊၊
၁၉၉၅ ခုနှစ်မှစ၍ ၂၀၁၀ ခုနှစ်အထိ KNU နှင့် DKBA အကြား တနည်းအားဖြင့် ကရင်အမျိုးသားအချင်းချင်း လက်နက်ကိုင်သတ်ဖြတ်မှုမှာ ဆယ်စုနှစ်တခုကျော် ကြီးကြီးမားမားဖြစ်ခဲ့သည်၊၊ ၂၀၁၀ ခုနှစ်တွင် မြန်မာစစ်တပ်မှ DKBA တပ်ဖွဲ့ကို ၎င်းတို့ တပ်မတော်လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ် အသွင်ပြောင်းခဲ့ရာ DKBA တပ်ဖွဲ့အချို့မှ လက်မခံသဖြင့် မြန်မာ့တပ်မတော်အား ပြန်လည်တိုက်ခိုက်ကာ DKBA အဖြစ် ဆက်လက် ရပ် တည်ပြီး KNU/KNLA တို့နှင့် ပူးပေါင်း၍ မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်လာသည်၊၊ သို့သော်လည်း DKBA အဖွဲ့သည် KNU/KNLA လက်အောက်တွင် ပြန်လည်ပူးပေါင်းလာခြင်းမဟုတ်ဘဲ ၎င်းတို့ဘာသာ DKBA အဖွဲ့အစည်းတစ်ရပ်အဖြစ် ယခုအချိန်ထိ သီးခြားရပ်တည်လျက်ရှိသည်၊၊
၎င်းနောက် ၂၀၁၂ ခုနှစ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရ ကာလအတွင်း ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ကြသည်၊၊ ထိုသို့ ပြည်နယ်အဆင့် KNU ကရင် အမျိုးသားအစည်းအရုံးနှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အပစ်ရပ် လက်မှတ်ထိုးလိုက်သည်မှစ၍ KNU-ကရင်အမျိုးသားအစည်းအရုံးအတွင်း သဘောထားအကြီးအကျယ် ထပ်မံ၍ ကွဲလာပြန်သည်၊၊ KNU အတွင်း ဤကဲ့သို့ သဘောထားကွဲလွဲမှုသည် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကွန်ဂ ရက်အထိ ရိုက်ခတ်လာခဲ့သည်၊၊ ၂၀၁၂ ခုနှစ် ၁၅ ကြိမ်မြောက် ကွန်ဂရက်တွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံ သော ခေါင်းဆောင်များက ပို၍လွှမ်းမိုးလာသည်၊၊
၂၀၁၅ ခုနှစ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံးသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ နုတ်ထွက်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ခေါ် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို ထပ်မံ၍ လက်မှတ်ရေးထိုးပြန်သည်၊၊ ၂၀၁၂ ခုနှစ်တွင် KNU သည် ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ရာတွင် တပ်မဟာများနှင့် ခရိုင်အဆင့်ကိုလည်း လက်မှတ်ရေးထိုးစေခဲ့သည်၊၊ သို့သော် လည်း တပ်မဟာ- ၅ မူတြော်ခရိုင်( ဖာပွန်ခရိုင်) နှင့် တပ်မဟာ- ၂ တောင်ငူခရိုင်တို့ မပါဝင်ကြောင်း တွေ့ရသည်၊၊
၁၅ ကြိမ်မြောက် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကွန်ဂရက်အပြီးနောက်ပိုင်း ထိုအချိန်မှစ၍ KNU ခေါင်းဆောင်များအတွင်း NCA ကို လက်ခံသည့်အဖွဲ့နှင့် လက်မခံသည့်အဖွဲ့တို့အကြား အကြီးအကျယ် အားပြိုင် လာကြသည်ဆိုသော်လည်း ကြီးမားသည့်အကွဲအပြဲမျိုး သိသာထင်ရှားစွာ ဖြစ်ပေါ်မလာခဲ့သည်ကို တွေ့ရှိရသည်။
အပစ်ရပ်ကာလအတွင်း KNU မှ ဦးဆောင်ဦးရွက်ပြု၍ ယခင် KNU -ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သော BGF/DKBA နှင့် ၂၀၀၇ ခုနှစ်တွင် KNU/KNLA မှ ခွဲထွက်သွားခဲ့သည့် တပ်မဟာ- ၇ ဗိုလ်ချုပ်ထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ စုပေါင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ ကရင့်လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ကို “ကရင့်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ’’ ကို ဖွဲ့စည်းခဲ့သည်၊၊ ၎င်း ကော်မတီတွင် BGF ခေါင်းဆောင်ဖြစ်သည့် စောချစ်သူသည် ကော်မတီ၏ ဒုခေါင်း ဆောင်အဖြစ် တာဝန်ယူထားသည်၊၊
ထို့အပြင် ၂၀၁၅ ခုနှစ်၊ ဦးသိန်းစိန်အစိုးရနှင့် NCA လက်မှတ်ထိုးစဥ်တွင်လည်း DKBA, KNU/KNLA-PC, KNU -ကရင်အမျိုးသားအစည်းအရုံး စသည်ဖြင့် ကရင့်လက်နက်ကိုင် (၃)ဖွဲ့ မှ တဖွဲ့ချင်းစီ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်၊၊ ကရင့်လက်နက်ကိုင်အဖွဲ့များ လက်နက်ကိုင်ပဋိပက္ခများ မရှိတော့ဘဲ အမျိုးသားရေးဆိုင်ရာ နေ့ထူးနေ့မြတ်များဖြစ်သည့် ကရင့်နှစ်သစ်ကူးကျင်းပခြင်းမှအစ ကရင့်တော်လှန်ရေးနေ့၊ ကရင့်အာဇာနည်နေ့ စသည်တို့ကို ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရပါသည်၊၊ သို့သော်လည်း တပ်ပိုင်းဆိုင်ရာအုပ်ချုပ်မှုတွင် တစုတစည်းအဖြစ် တခုတည်းသော တပ်စုဖွဲ့မှု၏ အောက်တွင် မရှိသည့်အပြင် နိုင်ငံရေးဦး ဆောင်မှုအောက် တွင်လည်း KNU ၏ ဦးဆောင်မှုတွင် မရှိသလို KNU ကလည်း နိုင်ငံရေးဦးဆောင်မှုအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ခြင်းမပြုဘဲ တဖွဲ့နှင့်တဖွဲ့ လက်နက်ကိုင်ပဋိပက္ခမဖြစ်ရေးသာ အဓိကထားသည်ကို တွေ့ရပါသည်၊၊
နဝတ/နအဖ၏ စစ်ရေးမဟာဗျူဟာ (သို့) ထောင်ချောက်
၂၀၀၅ ခုနှစ်မှစ၍ နဝတ/နအဖစစ်အစိုးရကာလတွင် ကရင်ပြည်နယ်အတွင်း ကရင့်လက်နက်ကိုင်အဖွဲ့အစည်း အား နှိမ်နင်းရာတွင် “အမြစ်ပြတ်ခြေမှုန်းခြင်း” ကို မသုံးတော့ဘဲ “ထိန်းချုပ်ရေး” (Containment) ဗျူဟာကို ကျင့်သုံးကာ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်လာအောင် ထောင် ချောက်ဆင်ကာ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများသုံးစွဲ၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမှုများကိုဖန်တီးကာ (၁၀)နှစ်အတွင်း၌ အတော်ကြီးထွားလာခဲ့ပါသည်၊၊
၂၀၁၅ ခုနှစ်တွင် KNU မှ NCA လက်မှတ်ထိုးပြီးနောက် ၎င်းတို့ “ထိန်းချုပ်မှု ” Containment ဗျူဟာသည် KNU ကို နိုင်ငံတကာရာဇဝတ်မှုနှင့်ပတ်သက်လာအောင် ဖန်တီးလုပ်ဆောင်သည်၊၊ NCA လက်မှတ်ထိုးအပြီး အရင်ဆုံး KNU ကို ကားပါမစ်စပေးခဲ့သည်၊၊ နိုင်ငံတကာအကူအညီများကို KNU ကို အကြီးအကျယ်ဖွင့်ပေးသည်၊၊ အကြီး မားဆုံးမှာ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် KK-Park စီမံကိန်းများတွင် KNU ခေါင်ဆောင်များ ပါဝင်ပတ်သက် လာအောင် လမ်းဖွင့်ပေးခဲ့သည်၊၊ ထိုအခြေအနေအပေါ် KNU ခေါင်းဆောင်များအတွင်း NCA ကို လက်မခံသည့် ခေါင်းဆောင်တချို့သည် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် NCA အား ထောင်ချောက်တခုအဖြစ် မြင်၍ လုံးဝ မပတ်သက်အောင် ကြိုးစားခဲ့သည်၊၊
သို့သော်လည်း ၂၀၁၇ ခုနှစ်၊ ၁၆ ကြိမ်မြောက် KNU ကွန်ဂရက်အပြီးတွင် NCA ကို လက်မခံသည့် ခေါင်း ဆောင်များအဖယ်ရှားခံရပြီး NCA ကို လက်ခံသည့် ခေါင်းဆောင်များက ပို၍လွှမ်းမိုးလာသည်။ ထို့အတွက်ကြောင့် မြန်မာစစ်တပ်၏ ထောင်ချောက်ဗျူဟာသည် တပ်မဟာ-၇ နယ်မြေ ရွှေကုက္ကိုလ်မြို့ကိုသာမကဘဲ တပ်မဟာ-၆ နယ်မြေ မဲ့ထော်သလေးဒေသ KK-Park စီမံကိန်းကိုလည်း တိုးချဲ့လာခဲ့ပါသည်၊၊ KNU ခေါင်းဆောင်များအား နိုင်ငံ တကာ ရာဇဝတ်မှုများနှင့် ညှိစွန်းနိုင်စေရန်အတွက် မြန်မာစစ်တပ်မှ KNU အား လုပ်ပိုင်ခွင့်များပေးကာ မြေ ငှားရမ်းခြင်းနှင့် ကုမ္ပဏီထူထောင်၍ လုံခြုံရေးတာဝန်ယူမှုပေးကာ အခကြေးငွေကို နှစ်ရှည်ကြိုတင်ထုတ်ပေးပြီး ချည်နှောင်ထားသည်၊၊
လတ်တလော မြဝတီတိုက်ပွဲ KNU အကျပ်အတည်းနှင့် အခွင့်အလမ်းများ
၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ဦးဆောင်ပြီး NCA စာချုပ်အပေါ် အခြေခံသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ဖြစ်လာနိုင်ခြေမရှိသော်လည်း KNU သည် NCA စာချုပ်အား ပျက်ပြယ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့သဖြင့် ဆက်လက်ကိုင်ဆွဲထားကြောင်းကို မှတ်ယူရမည်ဖြစ်သည်၊၊
NCA စာချုပ်အား ပျက်ပြယ်သည်ဟု ထုတ်ပြန်ပါက KNU အနေဖြင့် စစ်ကောင်စီနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်သွားမည်ကို စိုးရိမ်မှုရှိကြောင်း ဖြစ်နိုင်ပါသည်၊၊ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဖြစ်သည့် ပဒိုမန်းငြိမ်း မောင်သည် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်နေသည်ကိုလည်း သတိပြုရမည့် အချက်ဖြစ်သည်၊၊
တချိန်တည်းမှာပင် KNU သည် NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တွင် နောက်ပိုင်းမှ ထဲထဲဝင်ဝင် ပါလာသည်၊၊ KNU အနေဖြင့် NUG နှင့် ပူးပေါင်းမှုရှိသလို စစ်ကောင်စီနှင့်လည်း အဆက်အသွယ်မပြတ်လိုသည့် နှစ်ဖက်ခွ နည်းဗျူဟာ ကျင့်သုံးသည်ဟု ယူဆနိုင်ဖွယ်ရှိပါသည်။ ထို့အတူ KNU သည် တော်လှန်ရေးမဟာမိတ် အဖွဲ့အစည်းများကို ခေတ်အဆက်ဆက် ဦးဆောင်လာခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ၁၅ ကြိမ်မြောက် ကွန်ဂရက်အပြီးတွင် တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ -UNFC မှ နုတ်ထွက်ခဲ့သည်မှာလည်း တပ်ပေါင်းစုအပေါ် အလေးထား ဦးဆောင်မှုမရှိ ကြောင်းကိုလည်း ပေါ်လွင်နေသည်၊၊ ထို့ကြောင့် ၂၀၂၀ အလွန်ဖြစ်ပေါ်လာသည့် NUG ကိုလည်း ၁၉၉၀ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် NCGUB ကဲ့သို့ပင် အလုပ်မဖြစ်ဘဲ တချိန်ချိန်မှာ မှေးမှိန်ပျောက်ကွယ်ပြီး စစ်တပ်ကပင် အာဏာကို ပြန်လည် ဆက်လက် ထိန်း ထားနိုင်လိမ့်မည်ဟု မျှော်လင့် ဟန်ဖွယ်ရှိသည်ကို ဟူဆနိုင်ပါသည်၊၊ နည်းဗျူဟာအရ စစ်ကောင်စီ SAC နှင့် NUG တို့အကြား Power Balance ချိန်ခွင်ကို ထိန်းချုပ်ကိုင်ထားနိုင်ရန်လည်း ဖြစ်ဟန်ဖွယ်ရှိသည်၊၊
NCA စာချုပ်လက်မှတ်ထိုးပြီးနောက် KNU နယ်မြေတွင် တိုက်ပွဲဖြစ်ပေါ်လာသည့် အခြေအနေ
အထက်ဖော်ပြသကဲ့သို့ KNU သည် ၂၀၁၅ ခုနှစ်တွင် NCA ထိုးပြီးနောက် လက်ခံသည့်အဖွဲ့နှင့် လက်မခံ သည့်အဖွဲ့ နှစ်ဖွဲ့အကြီးအကျယ် သဘောထားကွဲလာသည်၊၊ ၂၀၁၇ ခုနှစ်၊ ၁၆ ကြိမ်မြောက် KNU ကွန်ဂရက် အပြီးတွင် NCA ကို လက်မခံသည့်အုပ်စုက KNU Concerned Group ဟု အမည်ဖြင့်ထွက်ပေါ်လာသည်။ KNU Concerned Group သည် KNU/KNLA တပ်မဟာ တပ်ရင်းတချို့၏ ထောက်ခံမှုကို ရရှိခဲ့ပြီး ကရင် CBOs, CSOs တို့နှင့်လည်း အလွန်နီးစပ်ခဲ့သည်၊၊ သို့သော် ၂၀၂၃ ခုနှစ်၊ ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်အပြီးတွင် KNU Concerned Group ပျောက်ကွယ်နေသလိုဖြစ်နေသည်။ လွန်ခဲ့သောကာလအချိန်တွင် KNU Concerned Group သည် KNU ဗဟို ကော်မတီနှင့်အပြိုင် နိုင်ငံရေး Position များ၊ ထုတ်ပြန်ချက်များဆောင်ရွက်ခဲ့သည်။
၂၀၂၁ခုနှစ်၊ KNU နှင့် ဦးသိန်းစိန်အစိုးရအကြား ပြည်နယ်အဆင့်အပစ်ရပ် လက်မှတ်ထိုးချိန်မှစ၍ KNU တပ်မဟာ အတော်များများက တိုက်ပွဲမဖြစ်သော်လည်း KNU တပ်မဟာ ၅ သည် အခါအားလျော်စွာ တိုက်ပွဲများ ဖြစ်နေ သည်၊၊ အထူးသဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှစ၍ စစ်တပ်စခန်းကြီးများကိုပါ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်၊၊
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ ၅ က မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီ အမာခံ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၃ လအတွင်း စစ်ကောင်စီ၏ အမာခံစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်ကာ စကစမှ တိုက်လေယာဉ်ကိုပါ အသုံး ပြုလာသည်။ မြေပြင်တွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များကိုပါ ရာနှင့်ချီ၍ စစ်ကူစေလွှတ်ခဲ့ပြီး BGF နှင့် KNU/KNLA တပ်မဟာ ၅ အကြားတိုက်ပွဲဖြစ်ကာ ကရင်အချင်းချင်း သတ်ဖြတ်နေကြသည့် အခြေအနေပြန် စိုက်ရောက် လာပြန်သည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲစတင်ဖြစ်ပေါ်ခြင်းအစ
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာလူငယ်များ (Gen-Z) သည် စစ်ကောင်စီအား လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက်နိုင်ရန် ဆန္ဒပြင်းပြစွာဖြင့် တပ်မဟာ ၆ နယ်မြေတွင် အမြောက်အများရောက်ရှိလာ ကြ သည်။ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ KNU အပြင် DKBA, KNU-KNLA-PC, BGF စသည့် အဖွဲ့ အစည်း အသီးသီး ရှိနေသည်ကိုတွေ့သော်လည်း မည်ကဲ့သို့ကွဲပြားနေသည်ကို အစဦးတွင် ၎င်းတို့ သိရှိပုံမရပေ ။ အထူး သဖြင့် BGF ကရင်လက်နက်ကိုင်တပ်ဖွဲ့သည် စစ်ကောင်စီတပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေသည်ကို သိနေပုံမရပေ။ သို့အတွက်ကြောင့် (Gen-Z) လူငယ်များသည် ကရင်ပြည်နယ် ဖလူး၊ လေးကေ့ ကော်၊ မြဝတီစသည့် ဒေသများသည် လွတ်မြောက်နယ်မြေအဖြစ် မှတ်ယူကြသည်။
သို့သော်လည်း လေးကေ့ကော်ဒေသတွင် စကစစစ်တပ်မှ ဝင်ထွ က်သွားလာပြီး စစ်ဆေးမှုများပါ လုပ်ဆောင် လာသည့် အခြေအနေရှိလာသောအခါ ပိုပြီး သတိထားလာကြသည်။ ထိုကာလသည် ကရင့်လက်နက်ကိုင် သုံးဖွဲ့လုံးမှာ NCA ကို လက်မှတ်ထိုးထားသောကြောင့် တိုက်ပွဲမဖြစ်ဘဲ တည်ငြိမ်နေသည့် အခြေအနေ လည်းဖြစ်သည်။ CRPH-NUG အမတ်များလည်း KNU တပ်မဟာ ၆ နယ်မြေတွင် အများအပြား ရောက်လာသည်။ ထိုအချိန်တွင် KNU က ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အရေးအခင်းအား KNU နယ်မြေ အတွင်း ရောက်ရှိလာသူများကို လူသားချင်းစာနာထောက်ထားခြင်း (Humanitarian Assistants) အကူအညီအဖြစ်သာ လက်ခံထားကြောင်းကို KNU ၏ ထုတ်ပြန်ချက်များကို ကြည့်ခြင်းအားဖြင့် တွေ့ရပါသည်။
မည်သို့ပင်ဖြစ်စေ KNU တော်လှန်ရေးနယ်မြေအတွင်း ရောက်လာသည့် လူငယ်များသည် စကစအား ပြန်လည် တိုက်ခိုက်နိုင်ရန် လက်နက်ရရှိရေးနှင့် စစ်သင်တန်းရရှိရေးအတွက် KNU ကို ချဥ်းကပ်မှီခိုလာသည်။ KNU အောက်ခြေတပ်ရင်းတပ်ဖွဲ့များကလည်း ရောက်ရှိလာသော မြန်မာလူငယ် (Gen-Z) များကို စစ်သင်တန်းပေး သည်။ သို့သော်လည်း KNU သည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး -NCA စာချုပ်ကို လက်မှတ်ထိုးထားခဲ့ရာ NCA စာချုပ်ကိုလည်း ဖျက်လိုသည့် ဆန္ဒမရှိသဖြင့် တဖက်မှာလည်းတိုက်ပွဲမဖြစ်ရေးကို ထိန်းညှိနေရသလိုဖြစ်နေသည်။
သို့သော် ၂၀၂၁ မတ်လမှစ၍ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများ အကြီးအကျယ်အဖြစ်ရှိနေပြီး စစ်ကောင်စီတပ်စခန်းများကိုလည်း တခုပြီးတခု တပ်မဟာ ၅ မှ သိမ်းပိုက်လာနိုင်သည်။ ၂၀၁၅ ခုနှစ် NCA စာချုပ်ထိုးပြီးသည့်နောက် တပ်မဟာ ၅ က တပ်မတော်နှင့် တိုက်ပွဲဖေါ်ဆောင်နေမှုကို KNU ဗဟိုမှ တိုက်ပွဲ မဖြစ်ရေးအတွက် တပ်မဟာ ၅ ကို အတော်အသင့် ထိန်းချုပ်နိုင်သော်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် KNU ဗဟိုမှ တားဆီး၍ မရတော့ပေ။ ထို့အတူ တပ်မဟာ ၆ တွင် ရောက်လာသည့် လူငယ်များသည်လည်း စစ်ကောင်စီ တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ရေးကို အလွန်စိတ်အားထက်သန်နေကြသည်။ ယနေ့ထက်တိုင်ပင် ဖြစ်သည်။
ထို့အတူ NUG- MOD ကာကွယ်ရေးဌာနကလည်း ပူးပေါင်းပါဝင်လာပြီး စစ်ရေးအကောင်အထည်ဖေါ် ဆောင်နိုင်ရေးအတွက် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းစသဖြင့် ဒေသပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲများနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို စတင်ချဥ်းကပ် လာသည့် ကာလပင်ဖြစ်ပြီး တပ်မတော်မှ DKBA ကို BGF သို့ အသွင်ပြောင်းလဲရာတွင် လက်မခံဘဲ တပ်မတော်ကို ပြန်လည်တော်လှန်တိုက်ခိုက်သည့် DKBA တပ်မှူးတို့နှင် ညှိနှိုင်းပြီး မြဝတီမြို့အနီး ဖလူးဒေသတွင် တိုက်ပွဲ စတင်ဖော်ဆောင်ခဲ့သည်။ တို့အတူ KNDO မှ ဦးစီးပြီး ဝေါလေဒေသတွင်လည်း တိုက်ပွဲဖြစ်ပေါ်လာသည်၊၊
၎င်းနောက် လေးကေ့ကော်ဒေသတွင်လည်း တိုက်ပွဲများဖြစ်ရှိလာသည်။ တပ်မဟာ ၆ နယ်မြေအတွင်း ဤကဲ့သို့ တိုက်ပွဲများဖြစ်ပေါ်လာသည်ကို တပ်မဟာ ၆ နယ်မြေခရိုင်ဥကဌမှ အကြိမ်ကြိမ်တားမြစ်ကန့်ကွက်စာများ ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အာရှလမ်းမ KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲမဖြစ်ရန်နှင် NCA စာချုပ် မပျက်စီးစေရန် မှတ်ယူဖွယ်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် KNU သည် ၂၀၂၁ ခုနှစ်၊ စစ်တပ်မှ အတင်းအဓမ္မ အာဏာသိမ်းပြီးနောက် ယခုထက်တိုင် NCA စာချုပ်ပျက်ပြယ်ကြောင်း တရားဝင် မထုတ်ပြန်သည်မှာ သက်သေသာဓကပင် ဖြစ်ပေသည်။ KNU နယ်မြေ အတွင်း တပ်မဟာ ၆ နယ်မြေသည် PDF တပ်ဖွဲ့ အများဆုံးရှိသည့် တပ်မဟာဖြစ်သည်။ အင်အား အများ ဆုံးလည်းဖြစ်သလို ပြင်ပထောက်ပံ့ရေးလည်း အရရှိဆုံး ဖြစ်သည်။ NUG သာမက အခြားနိင်ငံတကာရှိ မြန်မာနိုင်ငံသားအဖွဲ့အစည်းများကလည်း ထောက်ပံ့မှုအများဆုံးရရှိသည်။ ထို့အတွက်ကြောင့် KNU တပ်မဟာ ၆ နယ်မြေရှိ PDF တပ်ဖွဲ့များသည် ၃ နှစ်တာ ကာလအတွင်းမှာ လက်နက်အင်အား အတော်လေး ရှိနေပြီးဖြစ်ပြီး တိုက်ခိုက်ရေးတွင်လည်း စိတ်ဓာတ်အင်အား အပြည့်အဝရှိနေကြသည်။ လူငယ်လူရွယ်များနှင့် စုဖွဲ့ထားသည့် တပ်ဖွဲ့များဖြစ်သည်။ တချိန်ထဲမှာပင် နှစ်ကာလ ကြာရှည်စွာ တော်လှန်ရေးအတွေ့အကြုံရှိခဲ့သည့် KNLA တပ်ဖွဲ့များနှင့် ပေါင်းမိလိုက်သဖြင့် တိုက်ပွဲတိုင်းအောင်မြင်နေသည်ကို တွေ့မြင်ရပါသည်။ ထို့အတူ စစ်ကောင်စီ တပ်များသည် စိတ်ဓါတ်အရ ကျဆင်းလာသည်သာမက ၎င်းတို့ အထက်ခေါင်းဆောင်များ၏ မတရားဖိနှိပ်ခိုင်းစေ သည်ကိုလည်း မြင်လာကြပြီး ဖြစ်သည်။
မြဝတီတိုက်ပွဲ မည်ကဲ့သို့စတင်ခဲ့သလဲ
ချင်း၊ ကချင်၊ ရခိုင် စသည့် တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ မိမိနယ်မြေ မိမိဒေသရှိ မြို့များများကို အထိုက်လျောက် တိုက်ခိုက်သိမ်းပိုက်နေကြပြီး ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့မှ မိမိခြေရင်း နယ်စပ်မြို့ တောင် မသိမ်းနိုင်ကြသေးပါလားဟူ၍ ပြည်သူလူထုက မေးစရာဖြစ်လာပါသည်။ မှန်ပါသည်။ ထင်မြင်ယူဆ သည်မှာ ကရင့်လက်နက်ကိုင်တပ်ဖွဲ့များသည် မြဝတီသာမက ကရင်ပြည်နယ်ဖားအံမြို့ကို အလွယ်တကူ သိမ်း ပိုက်နိုင်လိမ့်မည်ကို ကရင့်လက်နက်ကိုင် ၄ ဖွဲ့စလုံး ညီညွတ်ပါက လုံးဝမုချ အလွယ်တကူပင် သိမ်းပိုက်နိုင် သည်ဟု စာရေးသူအနေဖြင့်ယုံကြည်ပါသည်။ ယခုဖြစ်ရှိနေသည့် မြဝတီတိုက်ပွဲကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်သည်။ အဘယ့်ကြောင့် ယခုလို လိပ်ခဲတည်းလည်းဖြစ်နေရပါသနည်း။ ။
ပထမအကြောင်းအရင်းသည် NCA ထောင်ချောက်စာချုပ်ဖြစ်ပြီး ဒုတိယအကြောင်းအရင်းသည် NCA ထောင်ချောက်ကြောင့် ရုန်းထွက်ရန်မလွယ်သည့်ထိန်းချုပ်ခံထားရမှု Containment အကြောင်းအရင်းပင် ဖြစ်သည်။ ထိန်းချုပ် Containment ခံရသည့်အဓိကကျဆုံး အကြောင်းအရင်းသည် KNU အား Transnational Crime (နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု)တွင် သွတ်သွင်းခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ ထိုအခြေအနေတွင် KNUမှ မည်ကဲ့သို့ ရုန်းထွက်နိုင်မည်နည်း၊ ၂၀၂၃ ခုနှစ် KNU ကွန်ဂရက်မတိုင်ခင် ကရင့်လူမှုအဖွဲ့အစည်း ၆၈ ဖွဲ့မှာ KNU ကို အိတ်ဖွင့်ပေးစာ ပို့ပေးခဲ့သည်။ ရွှေကုက္ကိုလ် ၊ KK Park နှင့် ပတ်သက်သည့် ခေါင်းဆောင်များကို ဖော်ထုတ် အရေးယူပြီးမှ KNU ကွန်ဂရက်ကို ကျင်းပရန်တောင်းဆိုခဲ့သည်။ ဤကဲ့သို့ မလုပ်နိုင်ပါက KNU အလုပ်အမှု ဆောင် ခေါင်းဆောင်များမှ တာဝန်ယူနုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း KNU ကွန်ဂရက်ကို အပိုင်းသုံးပိုင်း ပိုင်း၍ အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃) အပိုင်းလိုက်ဆောင်ရွက်ပြီး ပြုလုပ်ခဲ့သည်။ အပိုင်း(၃) ဖြစ်သည့် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဗဟိုကော်မတီခေါင်းဆောင်များ ရွေးကောက်ပွဲတွင် တပ်မဟာ ၅ နှင့် တပ်မဟာ ၂ တို့ မပါဝင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။
အချုပ်အားဖြင့် ဆိုရလျှင် KNU သည် တပ်ပေါင်းစုကို ယခင်ကဲ့သို့ ဦးမဆောင်နိုင်တော့ဘဲ အဖွဲ့အစည်းအတွင်း၌ နိုင်ငံရေးချဉ်းကပ်မှုအပေါ် သဘောထားကွဲလွဲမှုများ တာရှည်ဖြစ်ပေါ်လာသည်။ ထောင်ချောက်တစ်ခု ဖြစ်သည့် ရွှေကုက္ကိုလ်၊ KK Park တွင် ဖြစ်ရှိနေသည့် ရာဇဝတ်ဂိုဏ်းနှင့် လူပုဂ္ဂိုလ်အရဖြစ်စေ၊ အဖွဲ့အစည်းအရဖြစ်စေ ဆက်နွယ်ပတ်သက်နေသည့် ထောင်ချောက်ထဲရောက်နေသည်မှာ အကြီးမားဆုံး အကျပ်အတည်းဖြစ်နေသည်။ ပြီးခဲ့သည့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်၌ KNUမှ ၎င်းငွေလိမ်ရာဇဝတ်ဂိုဏ်းလုပ်ငန်းနှင့် ပတ်သက်သည့် KNU ခေါင်းဆောင်များကို ဖော်ထုတ်အရေးယူရန် “စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့ခဲ့သော်လည်း ယခုအချိန်ထိ မည်သည့်အချက်အလက်ကိုမျှ ပြည်သူလူထုကို မချပြနိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ၂၀၁၅ ခုနှစ်၊ မြန်မာစစ်တပ်၏ ထောင်ချောက်နည်းပရိယာယ်ကြောင့် KNU ကို ရာဇဝတ် ဂိုဏ်းနှင့် တနည်းမဟုတ်တနည်း ဆက်နွယ်ပတ်သက်ညှိစွန်းလာအောင် အကွက်ချလုပ်ဆောင်ခဲ့သည်ကို KNU ခေါင်းဆောင်များမှ သတိပြုသဘောပေါက်သင့်သည်ဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ သို့သော်လည်း KNU ခေါင်းဆောင်များ အချို့အနေဖြင့် ယခုကဲ့သို့ ကြီးမားသည့် နိုင်ငံရေးအကျပ်အတည်းကြီး ဖြစ်လာမည်ကို မတွက် ဆခဲ့ကြောင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ယနေ့အခြေအနေတွင် KNU မှ အကျပ်အတည်း ကြီးတစ်ခု ကြုံတွေ့နေရသည်မှာ အမှန်ဧကန်ပင်ဖြစ်သည်။
လက်ရှိ အကျပ်အတည်းသည် KNU အဖွဲ့အစည်း သာမက စောချစ်သူ ဦးဆောင်သည့် BGF အဖွဲ့အစည်းလည်း လမ်းနှစ်သွယ်ကို ဘယ်လမ်းရွေးမလဲဟု ဆုံးဖြတ်ရ မည့် အချိန်လည်း ရောက်နေပြီ ဖြစ်ပါသည်။ ထူးခြားသည်မှာ BGF သည် တသွေးတသံတမိန့် အာဏာ စီးဆင်းမှုအားပို၍ ကောင်းသည်။ တနည်းအားဖြင့် သူအမိန့်ပေး ဆုံးဖြတ်လျှင် အားလုံးက လိုက်နာသည့် သဘောရှိသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရလဒ်ကို မြင်တွေ့နိုင်သည်။ လတ်တလော မြဝတီ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါသည်။ မြဝတီတိုက်ပွဲမစခင် စောချစ်သူက BGF တပ်ဖွဲ့ကို KNA အဖြစ် ပြောင်းလဲသွားပြီး ကရင်အချင်းချင်း မသတ်ချင်တော့ဘူးဟု လူသိရှင်ကြား ထုတ်ဖော်ပြောလာပါသည်။
BGF ခေါင်းဆောင်စောချစ်သူ ပြောဆိုခဲ့သည်မှာ အမှန်တကယ် ရိုးရှင်းတဲ့သူရဲ့ နိုင်ငံရေးစကားလုံး ဟု စာရေးသူ အနေဖြင့် မြင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာစစ်တပ်လက်အောက်ခံနေရပြီး KNU အဖွဲ့အစည်း ကရင် အမျိုးသားအချင်းချင်း ပြန်လည်တိုက်ခိုက်ရသည်မှာ ဆယ်စုနှစ်နှစ်ခုနီးပါးကို သူကြုံတွေ့ရင်ဆိုင်ခဲ့ရသည် သာမက ပြည်တွင်းပြည်ပက ကရင်လူထုတို့၏ ဆဲဆိုဝေဖန်မှုကို အမျိုးမျိုးခံနေရပါသည်။ ကရင်လူထု၏ ဆဲဆို ဝေဖန်မှုကို စောချစ်သူက မည်သည့်အခါမှ တင်းတင်းမာမာ ပြန်လည်တုန့်ပြန်မှု လုပ်ဆောင်လာသည်ကိုလည်း မတွေ့ရဘဲ သတင်းဌာနများက မေးခွန်းအကြပ်အတည်းများ မေးမြန်းလာရင်လည်း “မပြောချင်သေးဘူး” “ ပြောဘို့ စောသေးတယ်” စသည်တို့ ဖြေဆိုသွားသည်ကို ကြည့်ခြင်းအားဖြင့် BGF ခေါင်းဆောင် စောချစ်သူ၏ အင်မတန် လိမ္မာပါးနပ်မှုရှိသည်ဟု ဆိုရမလိုဖြစ်သည်။
လက်ရှိ မြဝတီတိုက်ပွဲ အခင်းအကျင်းကို ခြုံငုံ၍ ပြန်လည်သုံးသပ်မည်ဆိုပါက တိုက်ပွဲမစခင် BGF မှ KNA သို့ အသွင်ပြောင်းသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး တိုက်ပွဲပြီးခါနီးအချိန်တွင် KNA မဟုတ်တော့ဘဲ ယခင် BGF အတိုင်း ပြန်ရပ်တည်မည်ဟု ထုတ်ဖော်ပြောဆိုလာပြန်သည်။ ထိုသို့သော အခြေအနေမှာ ကရင်လူထုသာမက မြန်မာပြည် သူလူထုများကပါ အံ့ဩဝမ်းနည်းပက်လက် ဒေါသအမျက်ထွက်နေကြပါသည်။ သို့သော် စာရေးသူ အနေဖြင့် လုံဝ အံ့ဩမှုမရှိပေ။ မြဝတီတိုက်ပွဲ၏ ရလဒ်သည် အခြေအနေ နှစ်ခုဘဲ ရှိပါသည်။ ထိုအခြေအနေ နှစ်ခုစလုံးသည် စကစ၏ အမြတ်ကြီးဘဲဟု စာရေးသူအနေနှင့် မှန်းဆထားပါသည်။ မြင်သာအောင်ဆိုရလျှင် ယခု မြဝတီတိုက်ပွဲ၏ ရလဒ်သည် စကစအတွက် အမြတ် ၅၀ ရာခိုင်နှုန်း (သို့ မဟုတ်) ၃၀ ရာခိုင်နှုန်း အမြတ်ထွက်မည်ဆိုသည်မှာ သေချာပြီးသားဖြစ်ပါသည်။ ယခုလို စကစ မှ ၅၀ ရာခိုင်နှုန်း အမြတ်ထွက်သော်လည်း စကစဘက်မှ နိုင်ပြီဟု လုံးဝပြောလို့မရသေးချေ။
လက်ရှိဖြစ်ပေါ်နေသည့် မြဝတိုက်ပွဲသည် ပကတိပစ်မှတ် မဟုတ်ပေ။ အဓိကပစ်မှတ်မှာ ရွှေကုက္ကိုလ်ပင်ဖြစ်သည်။ ယခုအခင်းအကျင်းကာလသည် စကစမှ ရွှေကုက္ကိုလ်၊ KK Park ငွေလိမ်ဂိုဏ်းကို ရှင်းလင်းရန် တရုတ်ကို မကြာ သေးခင်က ကတိပေးထားသည်ဟု သိရှိရသည်။ စကစ မှ ပေးထားသည့် ကတိအတိုင်းမလုပ်ဆောင်ပါက တရုတ် နောက်ကွယ် ပံ့ပိုးမှုဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ စစ်ရေးသိမ်းပိုက်မှု တဟုန်ထိုး နေပြည်တော်အထိ ရောက်သွားနိုင်သည်။ ၎င်းကို စကစမှ မှန်းဆတွက်ဆနိုင်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အခြေအနေတခု အောက်တွင် အပစ်ရပ်သဘောတူမှု တခုပြုလုပ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တဖွဲ့ ကို နယ်စပ်ကုန်သွယ်ရေး ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းအထိ ပေးပြီး ခွဲဝေသဘောတူ လက်ခံခဲ့သည်။ ထို့အတူ စကစမှ ရွှေကုက္ကိုလ်၊ KK Park ငွေလိမ်ဂိုဏ်းအား နှိမ်နင်းရန်ကိုလည်း တရုတ်ကို ကတိပေးလိုက်ရသည်။ ရွှေကုက္ကိုလ်ကို ရှင်းလင်းမည်ဆိုပါက BGF စောချစ်သူကို မဖြစ်မနေ ရှင်းလင်းရမည် အခြေအနေတွင် ဖြစ်နေပေသည်။
ထိုအခြေအနေအောက်တွင် စောချစ်သူမှ ချက်ချင်းတွက်ဆကာ BGFမှ KNA ကို အသွင်ပြောင်းရန် ချက်ချင်း ထုတ်ဖော်ပြောဆိုသဖြင့် စကစမှလည်း ပျားတုတ်ခံရသလို ဖြစ်နေပြန်ပါသည်။ ထို့အတွက်ကြောင့် မြဝတီတိုက်ပွဲ ကာလတွင် စကစမှ BGFနှင့် သော်လည်းကောင်း၊ KNU နှင့်သော်လည်းကောင်း ရသောနည်းဖြင့် ချဉ်းကပ်ညှိနှိုင်းမှု များ လုပ်လာသည်။ မည်သို့ပင်ဖြစ်စေ စကစ အနေဖြင့် ၅၀ ရာခိုင်နှုန်းမှသည် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို သူ့အတွက် အမြတ်သေချာနေပြီဖြစ်သည်။ စကစ အနေနှင့် မြဝတီတိုက်ပွဲမှာ ၅၀ ရာခိုင်နှုန်းအမြတ်ရသော်လည်း တရုတ်အနေနှင့် လိုရင်းပစ်မှတ်ကို မရောက်သေးသဖြင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနနှင့် စကစ ခေါင်းဆောင်တို့ ဧပြီလ ၂၆ ရက်နေ့တွင် တွေ့ဆုံပြီး နယ်စပ်ဒေသ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအမြစ်ပြတ် ပပျောက်ရေးအပါအဝင် ထောက်ပံ့မှုငွေအချို့ကို ပေးအပ်ခဲ့သည်ကိုလည်း သတင်းထွက်နေသည်။ ဤသည်မှာ တရုတ်မှစကစအနေဖြင့် ရွှေကုက္ကိုလ်ကို ရှင်းလင်းရန် ထပ်မံ၍ခလုတ်နှိပ်ခြင်းပင်ဖြစ်သည်။
• (ထို့အတွက်ကြောင့် မြဝတီတိုက်ပွဲ၏ အခြေအနေကို တော်လှန်ရေးအင်အားစုများက မည်ကဲ့သို့ ဆက် လက် လုပ်ကိုင်ဆောင်ရွက်မည်လော…)
• (ရွှေကုက္ကိုလ်ကို စစ်ကောင်စီမှ နှိမ်နင်းရှင်းလင်းပါက မည်ကဲ့သို့ဖြစ်လာနိုင်မည်လော…)
ထိုအတူ စစ်ကောင်စီက ရွှေကုက္ကိုလ်ကို မရှင်းလင်းဘဲ ရှိနေပါက စစ်ကောင်စီသည် မည်ကဲ့သို့ အကြပ်အတည်း များနှင့် ထပ်မံရင်ဆိုင်ရမည်ကိုလည်း တွေးကြည့်မှန်းဆလို့ မြင်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
မှတ်ချက် # ဤဆောင်းပါးပါ အာဘော်များသည် ဆောင်းပါးရှင်၏ သုံးသပ်ချက်အာဘော်သာ ဖြစ်ပါသည်။



















