Home သတင်း ဖားဆောင်းမြို့ လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု အပြင်းအထန်ပြုလုပ်နေ

ဖားဆောင်းမြို့ လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု အပြင်းအထန်ပြုလုပ်နေ

676
Photo: Crd.

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်လျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့(KNDF) တာဝန်ရှိသူများက ပြောသည်။

ဖားဆောင်းမြို့သိမ်းပိုက်နိုင်ရေးအတွက် ကရင်နီတော်လှန်ရေးအင်အားစုများမှ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၁၃၄) ၊(ခလရ-၁၃၅) တို့နှင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှုအပြင်းအထန်လုပ်ဆောင်သည့်အပြင် လေကြောင်းမှတဆင့် စစ်ကူပေးပို့မှုများကိုပါ လုပ်ဆောင်နေကြောင်း KNDF ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက ပြောသည်။

၎င်းက “စစ်ကောင်စီက စစ်ကူတွေကို ကုန်းလမ်းကြောင်းကနေ ပို့လို့အဆင်မပြေတော့ဘူး။ အကယ်၍ စစ်ကူပို့ချင်ရင် တောင်မှ စစ်ရဟတ်ယာဉ်တွေနဲ့ပဲ ပို့ဆောင်ပေးနေရတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ယမန်နေ့ မေလ(၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ဖားဆောင်းမြို့သို့ စစ်ကူလာရောက်ပို့ ဆောင်သည့် စစ်ရဟတ်ယာဉ်တစ်စင်းကိုလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)မှ ပစ်ချနိုင်ခဲ့ပြီး လေယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း KNDF ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက အတည်ပြုပြောသည်။

Photo: Crd.

“ပျက်ကျသွားတဲ့ရဟတ်ယာဉ်ကဘောလခဲမြို့နယ်ထဲကို ပျက်ကျသွားတယ်။ ပျက်ကျသွားတဲ့နေရာ တဝိုက်ကိုလည်း စစ်ကောင်စီက လေယာဉ်နဲ့လာရောက် ကယ်ဆယ်တာတွေ တွေ့ရတယ်။ သေဆုံး တာတွေလည်း ရှိတယ်။ ဒါပေမဲ့ သေဆုံးသူဦးရေကိုတော့ အခုထိအတည်ပြုလို့မရသေးပါဘူး။” ဟု စောတာအယ်စိုးက ပြောသည်။

ဖားဆောင်းမြို့ လက်မလွှတ်ရရေးအတွက် ပြီးခဲ့သည့် မေလ(၄)ရက်နေ့မှစတင်ပြီး ယနေ့အချိန်ထိ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုပေါင်းအကြိမ်နှစ်ဆယ်ကျော်ပြုလုပ်ခဲ့ပြီး ဂျက်တိုက် လေယာဉ် များအပြင်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ ဆက်တိုက်အသုံးပြုလျက်ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကာလအတွင်း ၎င်းတို့၏ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် ဂျက်တိုက်လေယာဉ် စုစုပေါင်း ၇ စင်းတိတိကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကရင်နီပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။