Home သတင်း ဒေါနတောင်ပေါ် တိုက်ပွဲဖြစ်နေရာများကို စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုလုပ်လာနေ

ဒေါနတောင်ပေါ် တိုက်ပွဲဖြစ်နေရာများကို စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုလုပ်လာနေ

1159
Photo : Social Media

မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်က အောင်ဇေယျစစ်ဆင်ရေး စစ်ကူတပ်များ ဒေါနတောင်လမ်းပိုင်းနေရာကနေ ကြားဖြတ် တိုက်ခိုက်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် PDF ပူးပေါင်းတပ်ဖွဲ့များကို ယခုရက်ပိုင်းအတွင်း လေယာဉ်၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပိုပြီးလုပ်ဆောင်လာနေကြောင်း စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

“စစ်တပ်ဘက်က မနေ့က စစ်ကူစစ်သားတွေကိုပူးပေါင်းပြီး လမ်းပြလိုက်လာတဲ့ DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့ တွေ စစ်တပ်ဘက်က မြေပြင်မှာ ပေါင်းပြီးတက်တိုက် ဖို့လာတယ်။ ရှေ့တိုးတက်လာလို့ မရသေးဘူး၊ အခုရက်က လေယာဉ် ကင်းထောက်တယ်။ ပြီးတာနဲ့ဂျက် ဖိုက်တာမဟုတ်ရင် Y12 ဗုံးကြဲပြီ။ ဒရုန်းနဲ့ ဗုံးသီးချပြီ။ အဲ့တာမျိုး နေ့ရော၊ ညပါ လာတိုက်နေတယ်။” ဟု ဒေါနတောင်ပေါ်နေရာတွင် တိုက်ပွဲဝင်နေသည့် KNLA စစ်ရေးသတင်း အရင်းအမြစ်တစ်ခုက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြောက်ပိုင်း ကောင်းမှုကျေးရွာဘက်၊ ကော့ကရိတ်တောင်ပိုင်း ကိုးတိုင်၊ လှိုင်ကွယ်၊ မိကသိန်ကုန်း၊ ကျေးရွာများဘက်သို့ လေယာဉ်ကင်းထောက်ပျံသန်းပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုများ ဆက်ရှိနေကြောင်းလည်း သိရသည်။

စောဟဲရွာသားတစ်ဦးက “လေယာဉ်လာတာနဲ့ ထွက်မကြည့်တာ ကောင်းတယ်။ သိပ်မကြာဘူး၊ ဂျက်ဖိုက်တာ ရောက်လာတယ်။ ဗုံးကြဲတဲ့ လေယာဉ်လာတယ်။ ဒရုန်းလေ ယာဥ်ရောက် လာတယ်။ ခဏဆို ဗုံးသီးတွေ ကျ ပေါက်ပြီ။ လူတွေကကိုယ့်နေရာ ပြန်မနေရဲကြသေးဘူး။ မြို့တော့ပျက်သွားပြီ ရွာတွေကိုလည်း ဒရုန်းက နေ မီးလောင်ဗုံးကြဲတော့ အိမ်တွေ ၁၀ လုံးလောက်နဲ့ကျောင်းတွေ မီးလောင်တယ်” ဟု ပြောသည်။

ယခု လတ်တလော စစ်ကောင်စီက မြဝတီမြို့ကို ထိန်းချုပ်ရန် နေ့စဉ်စစ်ဆင်တိုက်ခိုက်နေသည့် အခြေအနေတွင် ဒေသတွင်း ကရင်အပစ်ရပ်လက်နက်ကိုင်အချို့ အဖွဲ့အစည်းဝင်များ၊ စစ်တပ်နှင့် အကျိုးတူကုန်ကားစီးပွားရေး လုပ်ဆောင်နေသည့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များမှ စစ်တပ်နေရာများသို့ စစ်ကူလက်နက်ခဲယမ်း သယ်ယူပို့ဆောင်ပေးခြင်းနှင့် လမ်းပြကူညီခြင်းများရှိနေကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များက ပြောဆိုသည်။

အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာန က ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

ထိုသို့ စစ်ကောင်စီတပ်ဘက်က ‌‌‌‌‌‌‌‌‌‌‌စစ်ရေးအရှိန်မြင့် တိုက်ခိုက်နေမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုဆက်ရှိနေပြီး ၊ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်မှုထက်လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ကို KNLA မဟာမိတ်တပ်များ ဟန့်တား ဖျက်ဆီးနိုင်ရန် ကြားဖြတ်တိုက်ခိုက်မှုကို စနစ်တကျတန်ပြန်တိုက်ခိုက် နေကြောင်း သိရှိရသည် ။

အလားတူ ယနေ့ညနေ ၃ နာရီခန့်တွင်လည်း ကော့ကရိတ်တောင်ပိုင်းရှိ ကျိုက်ဒုံမြို့တွင်လည်း တိုက်ပွဲ တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုလုပ် ဆောင်သွားခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။