Home သတင်း စစ်ကောင်စီဝန်ကြီးချုပ် စောမြင့်ဦး ဖားအံနှင့်လှိုင်းဘွဲသွားလာမှုတွင် ဂျန်ပါကား ၃ စီးထက်မနည်း အသုံးပြု သွားလာနေရ

စစ်ကောင်စီဝန်ကြီးချုပ် စောမြင့်ဦး ဖားအံနှင့်လှိုင်းဘွဲသွားလာမှုတွင် ဂျန်ပါကား ၃ စီးထက်မနည်း အသုံးပြု သွားလာနေရ

573
Photo- SAC

မေလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် စောမြင့်ဦးနှင့် ဌာနဆိုင်ရာအရာရှိများ ဖားအံမြို့တွင်းနှင့် လှိုင်းဘွဲမြို့ဘက်သွားလာရာတွင် ဒရုန်းဖြင့် တိုက်ခိုက်မခံရရေး လုံခြုံရေးအဆင်မြင့်ထားသည့် ‌‌ဒရုန်း ရေဒီယိုလှိုင်း ဖြတ်စက်တပ်ဆင်ထားသည့်ကား ၃ စီးထက်မနည်း ယာဉ်တန်း ရှေ့နောက်၊ အလယ်ထား ပြီး မောင်းနှင်သွားလာနေရကြောင်း စစ်ကောင်စီဌာနဆိုင်ရာသတင်းအရင်းအမြစ်က ပြောသည်။

“ဖားအံမှာ စစ်တပ်ခန့် ဝန်ကြီးချုပ်သွားလာတာ ပုံစံပြောင်းသွားတယ်။ အရင်က သူစီးတဲ့ကား မဟုတ် တာ့ဘူး။ အခုကားသစ်တွေပြောင်း လိုက်တယ်။ ပြီးတော့ ဒရုန်းဖြတ်စက်ပါတဲ့ကားက တစ်ခါ ထွက်လာရင် ၃/၄ စီးပါတယ်။ သူစီးတဲ့ကား ရှေ့နောက်ရယ်၊ ယာဉ်တန်း ရှေ့နောက်ရယ်မှာ ဂျန်ပါ ကားတွေ ကပ်ပြီးပါတယ်။ ဒရုန်းနဲ့ ချတာ၊ ဆွဲမိုင်းခွဲတာတို့ မခံရအောင် အခုပုံစံပြောင်းပြီး သွားလာနေတာ တွေ့ရတယ်”ဟု စစ်တပ်ဌာနဆိုင်ရာသတင်း အရင်းအမြစ်က ပြောသည်။

လတ်တလော ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် လှိုင်းဘွဲမြို့ဘက်သို့ စစ်ကောင်စီကနေ့စဉ် အားကစားပွဲများ ၊ ကျေးလက်လမ်း၊ စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူထုတွေ့ဆုံပွဲများအား နေ့စဉ်လှည့်လည် လုပ်ဆောင်မှုရှိနေပြီး တိုက်ပွဲများ ဖြစ်နေသည့် မြို့နယ်များမှ ဌာနဆိုင်ရာများကိုမူ ပြည်နယ် စစ်ကောင်စီက ဖားအံမြို့မှတဆင့် အုပ်ချုပ်လမ်းညွှန်မှုများ လုပ်ဆောင်ခိုင်းနေကြောင်း သိရသည်။

Photo- SAC

စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ဆက်လက်၍“ ဖားအံ စစ်တပ်ဝန်ကြီးချုပ်က နေ့ တိုင်း မြို့ပေါ်လှည့်ပြီး သွားလာပြနေတယ်။ တခြားနေရာတွေကိုတော့ မသွားရဲဘူး။ စစ်တပ်နဲ့ ရဲက လုံခြုံရေးက နေ့တိုင်းကင်းပုန်း ထိုးထားရတယ်။ ကင်းလှည့်ရတယ်။ အဲဒီအင်အားကပဲ တစ်နေ့ကို အယောက်တစ်ရာကျော်လောက် သုံးနေရတယ်။ အားကစားပွဲ၊ တွေ့ဆုံပွဲကတော့ အပတ်တိုင်း တစ်နေ ရာမဟုတ် တစ်နေရာ အလုပ်ပြနေရတယ်။ တစ်ခါတစ်ခါ မြို့ပြင်ရွာတွေဘက် သွားတယ်ဆိုရင် BGF၊ DKBA၊ KNLA /PC တို့ပါရတယ်”ဟု ပြောသည်။

စစ်တပ် စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန်တွင် ပြည်နယ်မြို့ ဖားအံရှိ စစ်တပ်နှင့် အကျိုးတူ စီးပွားရေးလုပ်ဆောင်ကြသည့် လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ တရားမဝင် ဖွင့်လှစ် လုပ်ကိုင်သည့် အရက်ဆိုင်၊ ဘီယာဆိုင်၊ နိုက်ကလပ်နှင့် လောင်ကစားရုံ၊ စားသောက်ဆိုင်လုပ်ငန်းများ ပိုများလာနေကြောင်း မြို့ခံများက ပြောသည်။

လက်ရှိတွင် ဖားအံနှင့် လှိုင်းဘွဲမြို့နယ် ၂ ခုမှ လွဲ၍ ကျန်သော ၅ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် PDF ပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်ကလည်း နေ့ရော ညပါလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင် တိုက်ခိုက်နေရကြာင်း စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များ ပြောစကားအရ သိရသည်။