မေလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင့်နိုင်ငံရေးတိုးတက်စေရန် ကျွန်စိတ်ဓာတ်ကိုပယ်ဖျက်၊ ခွန်အားရှိသောမျိုးဆက်သစ်ကို တည်ဆောက်ပြီး အင်တိုက်အားတိုက်တော်လှန်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုနော်ဒါးဒါးက ကရင်လူငယ်များအား တိုက်တွန်းလိုက်သည်။
KNU တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ကရင်လူငယ်အစည်းအရုံး-KYO ဗဟိုဌာနချုပ်တွင် ယနေ့ ကျရောက်သော KYO ဖွဲ့စည်းတည်ထောင်ခြင်း (၃၅)နှစ်မြောက်နေ့ အခမ်းအနား ကျင်းပရာ၌ ပြည်တွင်းပြည်ပရှိ ကရင်လူငယ်များ မိမိတို့တတ်မြောက်ရရှိထားသော ပညာ၊ ဥစ္စာများဖြင့် မိမိတို့နိုင်ငံရေးတိုးတက်ရန် ကျွန်စိတ်ဓာတ်ကိုပယ်ဖျက် တည်ဆောက်ရမည်ဖြစ်ပြီး တော်လှန်ရေးတွင်ပါဝင်ကြရန် ပဒိုနော်ဒါးဒါးက တိုက်တွန်းထားခြင်းဖြစ်သည်။
“အခု အိမ်နီးချင်းနိုင်ငံတွေကိုသွားကြတာ ဘဝတစ်ခုလွတ်မြောက်ဖို့ပဲ၊ ကရင်တစ်မျိုးသားလုံး လွတ်မြောက်ဖို့ မဟုတ်ဘူး။ တနေ့ နိုင်ငံတည်ဆောက်ရာမှာ ဒီကရင်တွေဟာ ပြန်လာပြီး ကရင်နိုင်ငံရေးတိုးတက်အောင်လုပ်ရင် တိုးတက်မှာပဲ။ ဒါကြောင့်မို့လို့ ကျွန်စိတ်ကိုဖယ်ရှားဖို့က လူတိုင်းမှာတာဝန်ရှိတယ်။ အင်တိုက်အားတိုက်ပါဝင်မှ မင်းအောင်လှိုင်ကိုနိုင်မယ်။ တိုင်းရင်းသားတွေဟာ ကိုယ့်နေရာမှာကိုယ်ပြန်နေရအောင်လို့ကြိုးစားရမယ်” ဟု ပဒိုနော်ဒါးဒါးက ပြောကြားသည်။
ဆက်လက်ပြီး KYO ၏ ဖွဲ့စည်းပုံအပြင် KNU၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့၏ ဖွဲ့စည်းပုံတို့ကိုလည်း သိရှိလိုက်နာကျင့်သုံးရန်သလို KYO (၃၅)နှစ်ပြည့်မြောက်သည့်နေ့မှသည် လူအများပါးစပ်ဖျား ပြောစမှတ်တွင် နိုင်သည်အထိ ကြိုးစားကြရန်လည်း အခမ်းအနားအတွင်း အမှာစကားပြောကြားရာ၌ KNU ဗဟိုအမြဲတမ်းကော်မတီဝင်က အားပေးတိုက်တွန်းထားသည်။
ထို့အတူ လက်ရှိနိုင်ငံရေးအခြေအနေအရ လူကြီး၊ လူငယ် ဟန်ချက်ညီညီနှင့်လက်တွဲဆောင်ရွက်နိုင်ရန် အရေးကြီး သောကြောင့် KNU အပါအဝင် ခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့ KYO မှ လူငယ်များအား ပံ့ပိုး၊ အသုံးပြု၊ လမ်းပြပေးကြရန် အခမ်းအနားတက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားရာတွင် KYO ဗဟို၏ တွဲဖက်အတွင်းရေးမှူး(၂) စောအယ်ထီးကော်က ပြောသည်။
စောအယ်ထီးကော်က “အရွေ့တစ်ခုကိုဖော်ဆောင်ရာမှာ လူကြီးနဲ့လူငယ် ဟန်ချက်ညီညီနဲ့သွားနိုင်မှသာ အားကောင်းတဲ့တော်လှန်ရေးကြီးကို ဖော်ဆောင်နိုင်မှာပါ။ လူငယ်တွေကအနာဂတ်ရဲ့ခေါင်းဆောင်တွေလို့ လူကြီးတွေကပြောကြသလို ကျနော်တို့ကို ပုခုံးပြောင်းတာဝန်ပေးတဲ့နေရာမှာ ကောင်းတဲ့အမွေပေးမလား ဆိုးတဲ့အမွေပေးမလား သတိချပ်စေချင်တယ်။ ကျနော်တို့ကိုလည်း ယုံယုံကြည်ကြည်နဲ့ခိုင်းတာအပြင် ပံ့ပိုးပေးဖို့နဲ့မှားတာရှိရင်လည်း လမ်းပြပေးဖို့ပြောချင်တယ်” ဟု ပြောသည်။
KYO ၏ (၃၅)နှစ်မြောက်နေ့ အခမ်းအနားသို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုအမြဲတမ်းကော် မတီဝင်နှင့်ခေါင်းဆောင်များ၊ KYO ဒု-ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ကရင်လူငယ်များ အပါအဝင် လူထုပရိသတ် (၁၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြပြီး အစီအစဥ်အရ ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ KYO ဒုဥက္ကဋ္ဌနှင့် တက်ရောက်လာသော KNU ခေါင်းဆောင်များမှ အမှာစကားပြောကြားခြင်း၊ ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းပြီးနောက် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
၁၉၄၆ ခုနှစ်က ကရင်ခေါင်းဆောင် မန်းဘခိုင်၊ မန်းဝင်းမောင်နှင့် မန်းကျော်စိန်တို့ ဦးဆောင်ပြီး KYO ကို ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း သဘောထားကွဲလွဲစရာများကြောင့် အစည်းအရုံး၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရပြီးနောက် ၁၉၈၉ ခုနှစ် မေလ(၂၃)ရက်နေ့တွင် KNU ဌာနချုပ်ဟောင်း မာနယ်ပလော၌ ဒုတိယအကြိမ်အဖြစ် ထပ်မံဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယနေ့ကျရောက်သော KYO နေ့အခမ်းအနားကို KYO ဗဟိုဌာနချုပ်တွင်သာမက KNU ထိန်းချုပ်သည့် တပ်မဟာ ခရိုင်(၇)ခုလုံးနှင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း(၃)ခုတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း KYO ထံမှ သိရသည်။



















