Home သတင်း ကျိုက်ထိုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး(၁)ဦး သေဆုံး၊ အရပ်သား(၂)ဦး ဒဏ်ရာရ

ကျိုက်ထိုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး(၁)ဦး သေဆုံး၊ အရပ်သား(၂)ဦး ဒဏ်ရာရ

678
Photo: CJ

မေလ ၂၃ ရက်နေ့၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက် သီတာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် မေလ (၂၂) ရက် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအုန်းမြင့် သေဆုံး၍ ဆိုင်အတွင်းရှိ အရပ်သား(၂)ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နီးစပ်သူထံမှ သိရသည်။

တောင်ပိုင်းရပ်ကွက် ရာအိမ်မှူး၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သူ အသက် (၆၀) ကျော်အရွယ် ဦးအုန်းမြင့်သည် ယမန်နေ့လည်ပိုင်းက လက်ဖက်ရည်ဆိုင်အတွင်းရှိနေစဥ် လက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ် ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

“ကြံခိုင်ရေးပါတီဝင်ကို လာပစ်ရင်းနဲ့ ဘေးဝိုင်းမှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့သူတွေပါထိတာ။ ဦးအုန်းမြင့်က နေရာမှာပဲသေတယ်။ ဒဏ်ရာရတဲ့နှစ်ယောက်မှာ တစ်ယောက်ကပေါင်ကိုထိတာ ကျိုက်ထိုဆေးရုံမှာတင်ထားတယ်။ စိုးရိမ်ရတယ်လို့ ပြောတယ်။ ကျန်တဲ့တစ်ယောက်ကတော့ မစိုးရိမ်ရဘူး။” ဟု မြို့ခံအမျိုးသားက ပြောသည်။

သေဆုံးသူ ဦးအုန်းမြင့်သည် အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ရဲတပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အမှုရင်ဆိုင်နေရသူများထံမှ ငွေညှစ်ခြင်းအပြင် တော်လှန်ရေးကာလတွင်လည်း ဆန္ဒပြမှုဖြင့် ဖမ်းဆီး ခံရသူများကို ပြစ်မှုကျူးလွန်ကြောင်း သက်သေခံခြင်းနှင့် စစ်တပ်ကျောထောက်နောက်ခံဖြင့် အာဏာ အလွဲသုံးစားလုပ်သူတစ်ဦးဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ဦးအုန်းမြင့်နှင့်နီးစပ်သူ ဒေသခံက “သူက အရင်ထဲက ရဲတွေနဲ့ပေါင်းစားနေတာ အာဏာသိမ်းပြီးတော့ ဆန္ဒပြလို့ဖမ်းခံရတဲ့သူတွေအကုန်လုံးကို ပြစ်မှုကျူးလွန်ကြောင်း အစိုးရဘက်ကနေ အသိသက် သေလုပ် ပေးသေးတယ်၊ အပြစ်ရှာပေးတာပေါ့။ စစ်မှုထမ်းကိစ္စလည်းပါတယ်။ သူ့ကိုတော်လှန်ရေး အဖွဲ့တွေက အသက်ကြီးပြီးဆိုပြီ လွတ်ထားတာ။” ဟု ကေအိုင်စီကို ပြောသည်။

ဦးအုန်းမြင့်သက်သေခံမှုကြောင့် ဆန္ဒပြမှုဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသူ (၄၀)ဦးခန့်ရှိနေပြီး အာဏာသိမ်းပြီးပြီးချင်းလည်း လက်နက်ကိုင်လူတစ်စုမှ ၎င်း၏နေအိမ်သို့ ဗုံးပစ်ခွင်းခဲ့သေးကြောင်း ကျိုက်ထိုမြို့ခံအချို့က ပြောသည်။

ယမန်နေ့ကပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သူများမှာ သထုံခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ ၄၊ UG မှ တပ်ဖွဲ့ဝင်အချို့ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုနှင့်နီး စပ်သူထံမှ သိရသော်လည်း ကေအိုင်စီအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

တဆက်တည်းတွင် ယနေ့နံနက် ၉ နာရီအချိန်တွင်လည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုန်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ စစ်ကောင်စီတပ်၏ အင်ဖော်မာ သတင်းပေး သက်လွင်ဦးဆိုသူကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အား စု(KRF)က သတတင်းထုတ်ပြန်ထားသေးသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းအတွက် လူစု ဆောင်ပေးသူ အုပ်ချုပ်ရေးမှူး ဦးစံလွင်နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဘုန်းကြီးဦးစန္ဒိမာဆိုသူတို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ ပစ်ခတ်ခြင်းခံခဲ့ရသေးသည်။