Home သတင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

776
Photo: CJ

မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခတ်ချိုကျေးရွာတွင် မေလ ၂၀ ရက်နှင့် ၂၁ ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်နေခြင်းကြောင့် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဝိုင်း မော်စစ်ရှောင် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဝန်းအတွင်း နေရာ ၃ ခုမှ ၂၄၀ မမဒုံး တင်ယာဉ်များကို အသုံးပြုပြီး ဝိုင်းမော်ဘက်ကို လက်နက်ကြီး ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းကြောင့် ဒေသခံအရပ်သားပြည်သူများထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝိုင်းမော်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲကဖြစ်နေတာ ဆက်တိုက်ပဲလို့ ပြောရမယ်။ သူတို့စခန်းတွေ တပ်ရင်းတွေက တစ်ခုခုပြီးတစ်ခုကျနေတော့ လက်နက်ကြီးဆက်တိုက်ပစ်နေတာ။ ခတ်ချိုရွာက ၁၅ ဦးသေတယ်၊ ၁၀ ဦးလောက်ဒဏ်ရာရထားတယ်။ ညကလည်းလက်နက်ကြီးထပ်ကျတာ ထိခိုက်သေဆုံးတာလည်းရှိ သေးတယ်။ ဝိုင်းမော်ကလူတွေလည်း လေယာဉ်ဆက်တိုက်ပျံနေတော့ ပြေးကြကုန်ပြီး။ တိုက်ပွဲက ဒီထက်ပိုပြီးပြင်းထန်လာမယ်လို့ထင်တယ်”ဟု ၎င်းက ပြောသည်။

Photo: CJ

ဝိုင်းမော်−ဗန်းမော်လမ်းပေါ်တွင်တည်ရှိသည့် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(ခမရ−၃၂၁) စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများအဆက်မပြတ် ပြုလုပ်လာလျက်ရှိ သည်ဟု ကချင်ပြည်နယ်သတင်းများကို ရေးသားနေသည့် Kachinwaves သတင်းဌာနက ဖော်ပြထားသည်။

၎င်းအပြင် ကချင်ပြည်နယ်တွင်း တိုက်ပွဲတွင် ယခုလပိုင်းအတွင်း စစ်ကောင်စီ၏ စစ်စခန်းပေါင်း ၁၂ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားနိုင်ကြောင်း၊ မြစ်ကြီးနားမြို့ကိုလည်း စစ်ကောင်စီတပ်က မာရှယ်‌လောထုတ်ထားကာ မြို့ကို ပိတ်ချမည့်သတင်းများလည်း ထွက်ပေါ်နေကြောင်းလည်း ကချင်ပြည်နယ်အခြေစိုက် သတင်း မီဒီယာများ၏ ဖော်ပြထားချက်အရ သိရသည်။

အလားတူ ဝိုင်းမော်မြို့မှ မြစ်ကြီးနားဘက်ကို ကူးသည့် ကူးဆိပ်အားလုံးကို ပိတ်ထားပြီး ရွာတိုင်းနီး ပါးကိုလည်း စစ်ကောင်စီတပ်က ကျေးရွာအဝင်အထွက်နေရာများကို ပိတ်ပင်ထားကာ စစ်ဆေးမှုများ တင်းကြပ်ထားခြင်း ကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများကနေထွက်ရန် ခက်ခက်ခဲခဲတိမ်းရှောင်နေကြရကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။