Home ဆောင်းပါး မြဝတီမြို့တိုက်ပွဲအပေါ် PDF နှင့် EAO အကြား စစ်ကောင်စီ သွေးခွဲဝါဒဖြန့်မှု သတိပြုစေလို

မြဝတီမြို့တိုက်ပွဲအပေါ် PDF နှင့် EAO အကြား စစ်ကောင်စီ သွေးခွဲဝါဒဖြန့်မှု သတိပြုစေလို

752

မြဝတီမြို့တိုက်ပွဲအပေါ် PDF နှင့် EAO အကြား စစ်ကောင်စီ သွေးခွဲဝါဒဖြန့်မှု သတိပြုစေလို

စောအယ်ကလူတော

(မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်)

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သော မြဝတီမြို့တိုက်ပွဲတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ မြို့အတွင်းမှ ဆုတ်ခွာသွားသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)အကြား သွေးခွဲ ဝါဒဖြန့် သည့် လှုံ့ဆော်မှုများကို စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။

EAO အဖွဲ့များတွင် ၎င်းတို့၏ အကျိုးစီးပွားရည်မှန်းချက်များရှိနှင့်ပြီးသားဖြစ်သည့်အတွက် PDF အဖွဲ့ များအနေ ဖြင့် အသုံးချခံအနေဖြင့် တိုက်ပွဲအတွင်း ထိုးကျွေးခံနေရသည်ဟူ၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုမှုကို ကိုးကားပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် NP News သတင်းဌာနမှတဆင့် ဧပြီလ ၂၈ ရက်နေ့တွင် ဖော်ပြလာသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုမှုတွင် မြဝတီဖြစ်စဉ်ကို အဓိက အသားပေးပြောဆိုခဲ့ပြီး မြဝတီမြို့သိမ်းတိုက်ပွဲ တွင် PDF ဘက်က အထိုးကျွေးခံရကြောင်း၊ KNU ၏ လက်အောက်မှ ထွက်၍ အခြားသော EAO ဘက်ကိုသွား မည်ဆိုလျှင်လည်း အလားတူ ဖြစ်စဉ်မျိုးသာ ကြုံတွေ့ရမည်ဖြစ်ကြောင်း နှင့် ၎င်းတို့ထံပြန်လည်ဝင်ရောက်လာ ရန်ကိုပါ ပြောဆိုထားသည်။

မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်(ခမရ-၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -(KNLA) ပူးပေါင်းတပ်မှတိုက်ခိုက်သိမ်းပိုက်ပြီး ထွက်ပြေးသွားသည့် ကျန်တပ်ဖွဲ့ဝင်များကို အမှတ် (၂) ချစ်ကြည် ရေးတံတားအထိ လိုက်လံတိုက်ခိုက်ပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် မြို့အတွင်းမှ ရုတ်တရက် ဆုတ်ခွာသွားသည့် ဖြစ်ရပ်အပေါ် ပြည်သူလူထုများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

၎င်းမြဝတီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် အာရုံစိုက်မှု မြင့်တက်နေချိန် ယခုလို ရုတ်တရက် တပ်ဆုတ် ခွာသွားခြင်းနှင့် မြို့ကို စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ထိန်းချုပ်လိုက် သည့် သတင်းများအကြောင့် ကေအဲန်ယူအပေါ် အယုံအကြည်မဲ့သည့် ဝေဖန်တိုက်ခိုက်မှုများ ပြင်းထန်စွာ ပေါ် ပေါက်လာသည်။

၎င်းအပေါ် အခွင့်ကောင်းယူပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားများတွင် ( ခလရ-၂၇၅) စခန်းအတွင်း ပြန်လည် ဝင်ရောက်သွားနိုင်သည့် ဓါတ်ပုံများကို ဖြန့်ဝေခဲ့သလို မြို့ကို ပြန်လည်ထိန်းချုပ်လည် ပတ်နိုင်ပြီး ဖြစ်ကြောင်း ဝါဒဖြန့် ထုတ်ပြန်လာခဲ့သည့်တချိန်တည်းတွင် စစ်တပ်ထောက်ခံသည့် လူမှုစာမျက်နှာများတွင်လည်း PDF ရဲဘော် များကို ကေအဲန်ယူမှ အသုံးချခဲ့သည့် ပုံစံများဖြင့်ပုံစံမျိုးစုံဖြင့် ဝေဖန်ရေးသားဖော်ပြလာခဲ့ကြသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီအနေဖြင့် အဖက်ဖက်တွင် ရှုံးနိမ့်နေခြင်းကြောင့် ၎င်းတွင်ကျန်ရှိသော လေကြောင်းတိုက်ခိုက်နိုင် သည့် အားသာချက် နှင့် တစ်ဖက်အဖွဲ့အစည်းအပေါ် အားနည်းစေသည့် သပ်လျှိုသွေးခွဲနည်းများကိုသာ ပိုမို အသုံးချလာနေရကြောင်း ကေအဲန်ယူဘက်က ယခုလို တုန့်ပြန်ပြောဆိုသည်။

ကေအဲန်ယူ၏ ပြောခွင့်ရေး ပဒိုစောကလယ်စေးက “စစ်ရေးဖက်မှာ သူ့ရဲ့ ရှုံးနိမ့်မှုတွေ ကြုံတွေ့ ကြားသိနေရတာ ဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ သူ့ရဲ့ အဓိက အင်အားက ဘာကျန်သလဲဆိုရင် လေကြောင်းပစ်ကူပဲ ရှိတော့ပါတယ်။ နောက်ထပ်အင်အားတစ်ခုကတော့ အွန်လိုင်းပေါ်က သပ်လျှိုသွေးခွဲမှုပဲဖြစ်ပါတယ်။ ဒါတွေကိုလည်း ယနေ့ အချိန်ခါမှာ ဘယ်ပြည်သူကမှ အယုံအကြည်မရှိဘူးဆိုတာကိုလည်းကျနော်တို့ သိရှိနားလည်ထားပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီဘက်မှ သွေးခွဲသပ်လျှိုသည့် နည်းလမ်းများကို ပိုမိုအသုံးပြုလာရခြင်းမှာ ၎င်းတို့ အနေဖြင့် မြေပြင်တွင် အဖက်ဖက်မှ ကျဆုံးနေခြင်းကြောင့် တစ်ဖက်အဖွဲ့အစည်းအပေါ် အင်အားလျှော့နည်းလာစေရန် ရည်ရွယ်ချက်ရှိရှိ သပ်လျှိုလာခြင်းဖြစ်ကြောင်း ရှေ့တန်းစစ်မျက်နှာတွင် ပါဝင်တိုက်ခိုက်နေသည့် အမည်မဖော် လိုသူ PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း ယခုလို ထောက်ပြပြောဆိုသည်။

“မြေပြင်မှာ တကယ်တိုက်နေတဲ့သူတွေက အသံသိပ်မထွက်ပါဘူး။ ဘေးက ကြည့်တဲ့သူတွေကသာ အသံထွက် နေတာပါ။ ဒီအချိန်ကာလမှာ ရန်သူက အင်အား အရမ်းနည်းနေတဲ့အချိန် BGF ကို ဖျက်မြင်းအနေနဲ့ အသုံးချဖို့ မွေးထားပေမဲ့ မွေးထားတဲ့ မျောက်က ပြန်ခြောက်ခံရတဲ့အချိန်ဖြစ်တယ်။ အိမ်နီးချင်း ထိုင်းကလည်း အထင် သေးတဲ့ စကားတွေနဲ့ ပေါ်တင်တိုက်ခိုက်လာတဲ့အချိန်မှာ KNU နဲ့ PDF တွေရဲ့ စိတ်ဓါတ်က အမြင့်ဆုံး အချိန် ဖြစ်နေလို့ သူတို့ မြဝတီကို သမာရိုးကျ ပြန်တိုက်ယူဖို့ မလွယ်ဘူး။ အဲ့တော့ သပ်လျှိုသွေးခွဲ နည်းကို စနစ်တကျကျင့်သုံးလာတာပါပဲ။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် အချို့သော တော်လှန်ရေးထောက်ခံလိုလားသူများအနေဖြင့် ၎င်းတို့၏ စိတ်ခံစားချက်များကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြောရေးသား ပြောဆိုလာကြသည့်အပေါ် စစ်ကောင်စီ ဘက်မှ အက်ကွဲကြောင်းရှာ၍ ယခုလို သပ်လျှိုသွေးခွဲသည့်နည်းလမ်းများကို ပိုမို အသုံးပြုလာခြင်းဖြစ်ပြီး အခြေ အနေမှန်ကို စောင့်ကြည့်လေ့ လာသုံးသပ်ကြရန်လည်း အဆိုပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

KNLA ပူးပေါင်း တပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့် မတ်လမှစပြီး မြဝတီမြို့ကို သိမ်းပိုက်နိုင်ရန် အဓိက ဗျူဟာကျ သော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၃၅၆) ၊ (ခမရ-၃၅၅) နှင့် (ခမရ-၃၅၇) စသည့် တပ်ရင်းဗျူဟာကုန်း များကို တိုက်ခိုက်ခဲ့ပြီးနောက် ကျန်ရှိသည့် မြို့စောင့်တပ် (ခလရ-၂၇၅) ကိုပါ ဧပြီလ ၁၁ ရက်နေ့တွင် ဆက်လက် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ရန် ရှင်းလင်းရေးများပြုလုပ်ခဲ့သည်။

၎င်းအပြင် ကေအဲန်ယူ ဗဟိုဌာနချုပ်ကလည်း ဧပြီလ ၁၂ ရက်နေ့မှာ မြဝတီမြို့ကို လုံခြုံစိတ်ချရသည့် အနေ အထားထိရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေပြီး တစ်ဖက်တွင် မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် နိုင်ငံ တော်အဆင့် အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် အင်အားထောင်နှင့်ချီ စစ်ကြောင်းထိုးလာသည့်အပေါ် ကြား ဖြတ်ဟန့်တား တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားခဲ့သေးသည်။

မြို့ကို လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိပါက ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်ရေးများ ချမှတ်ကာ လူကုန်ကူးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ တားမြစ်ပစ္စည်းကုန်သွယ်မှုများ၊ မြို့တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ကုန်စည် စီးဆင်းရေး လုပ်ငန်းများကို အကောင် အထည် ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ကေအဲန်ယူက ပြောဆိုသည်။

အလားတူ မြဝတီဖြစ်စဉ်အပေါ် ပြည်သူလူထုနှင့် သတင်းမီဒီယာအချို့က BGF၏ ကေအဲန်ယူအပေါ် သစ္စာ ဖောက်ခြင်းဖြစ်ကြောင်း အကျယ်တဝင့် ဝေဖန်ရေးသား မေးခွန်းထုတ်လာကြသလို ကေအဲန်ယူအနေဖြင့်လည်း စစ်ကောင်စီ၏ ထောင်ချောက်ထဲ မရောက်ရှိရန် မြို့ကို ဆုတ်ခွာလိုက်ရခြင်းဖြစ်ကြောင်း ပြန်လည် တုန့်ပြန် ပြောဆိုထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း အဓိက ပါဝင်ပတ်သက်နေသည့် BGF အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုမှုမျိုး မရှိသော်လည်း မြို့နှင့် လူထု ထိခိုက်မှု နည်းစေရန် ၎င်းတို့ အနေဖြင့် ကြားဝင် စေ့စပ်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း BGF ၏ ထိပ်ပိုင်းအရာရှိတစ်ဦးက ယခုလိုဆိုသည်။

၎င်းက “BGF က လက်နက်ကိုင်အဖွဲ့တွေကြားမှာ ကြားဝင်စေ့စပ်ပေးရတာပါ။ ပြည်သူလူထုထိခိုက်နစ်နာမှာ စိုး လို့ လုပ်လိုက်ရတာ။ ဒါပေမဲ့ ကျနော်တို့က တစ်ဖက်ဖက်ကို ယိမ်းလိုက်တာမျိုးတော့ မဟုတ်ဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် သပ်လျှိုလာမှုအပေါ် ပြည်သူများအနေဖြင့် သတိထားဆင်ခြင်သင့်ပြီး စစ်ကောင်စီ အလိုကျ တော်လှန်ရေး တပ်ဖွဲ့ဝင်များတွင် စိတ်ဓါတ်ကျဆင်းစေပြီး သွေးကွဲစေမည့် ပြောဆိုဝေဖန်မှုများကို ရှောင်ရှားကာ ၎င်းတို့ကို ဆက်လက်ထောက်ပံ့ဝန်းရံ ပံ့ပိုးသွားကြရန်လည်း CDM ပြုလုပ်ထားသည့် စစ်အရာရှိ များက သတိပေး တိုက်တွန်းပြောဆိုထားသည်။

“စစ်တပ်က လုပ်လိုက်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးကြောင့် ဒီဘက်အဖွဲ့ကို မကူတော့ဘူး၊ မလှူတော့ဘူးဆိုရင် တက် လာမဲ့ စစ်ကြောင်းကို ဘာနဲ့တိုက်မှာလဲ။ အခုဆို ဒေါနတောင်ခြေမှာ ချနေတုန်းပဲ။ အဲ့ဒီစစ်ကြောင်းကြီး တကယ် ဝင်လာနိုင်မှ ကျနော်တို့ တကယ်ဂွမ်းမှာ။ အဲ့တော့ တစ်ဖက်မှာ လုပ်လိုက်တဲ့ ဆိုက်ဝါးသေးသေးလေး တစ်ခုကို ဂရုမစိုက်ဘဲနဲ့ တကယ့်အခြေအနေမှန်ကို သိပြီးတော့ ဆက်ပြီးကူနေမယ်ဆိုရင် တကယ်တိုက်နေတဲ့ သူတွေ စိတ်ဓါတ်ကျသွားမှာမဟုတ်ဘူး” ဟု CDM ဗိုလ်ကြီး ထက်မြတ်က ၎င်းတို့၏ YouTube စာမျက်နှာတွင် ပြောဆိုထားသည်။

လက်ရှိတွင် မြဝတီမြို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ နယ်ခြားစောင့်တပ်က မြို့၏ လုံခြုံရေးကို ရယူ ထားပြီး ပိတ်ထားသည့် နယ်စပ်အမှတ် (၁)နှင့် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုလည်း ဧပြီလကုန်ပိုင်းတွင် ပြန်လည်ဖွင့် လှစ်ကာ စစ်ကောင်စီ အုပ်ချုပ်ရေး ယတန္တရားအချို့ ပြန်လည်လည်ပတ်နေကြောင်း မြို့တွင်း သတင်းအရင်း အမြစ်များထံမှ သိရသည်။

အလားတူ မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက တပ်မ(၅၅) နှင့် တပ်မ(၄၄) ပူးပေါင်းပါဝင်သည့် စစ်ကူစစ်ကြောင်းကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အပြင်းအထန် ကြားဖြတ်ဟန့်တား တိုက်ခိုက် နေပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများဖြင့် ဒေါနတောင်ခြေတွင် စစ်ကြောင်းတန့်နေကြောင်း လည်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။

စစ်ကောင်စီက မြဝတီမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်ကပါ အသဲအသန် စစ်ဆင်ရေးဆင်နွှဲနေချိန်နှင့်တပြိုင်နက် ယခုလို PDF နှင့် EAOတို့ အကြား သွေးခွဲဝါဒဖြန့်မှု ပြောဆိုလာခြင်းအပေါ် သတိပြုစေလိုကြောင်း တင်ပြလိုက်ပါသည်။