မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စာသင်ကျောင်းများ ယခု ၂၀၂၄ ခုနှစ် စာသင်နှစ်တွင် အချိန်မီပြန်ဖွင့်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး ဆရာ၊ဆရာမများအား ဖိအားပေး နေရပ်ပြန်ခိုင်းနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
မြို့တွင်းတိုက်ပွဲ ငြိမ်သက်နေသည့် ကော့ကရိတ်မြို့ပေါ် ပြန်လည်ဝင်ရောက်နေထိုင်ရန် ဒေသခံများကို ပြီးခဲ့သည့် ဧပြီလပိုင်းကစ၍ စစ်ကောင်စီကဖိတ်ခေါ်နေခြင်းဖြစ်ပြီး မြို့ပေါ်ရှိ ရုံး၊ ဌာနများ မေလ(၁)ရက်နေ့မှ စတင်ဖွင့်နိုင် ရေးကိုလည်း စစ်ကောင်စီလက်အောက်ခံ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့က ရုံးစာထုတ်ပြန် နေခြင်းဖြစ်သည်။
ထို့အပြင် ယခုပညာသင်နှစ်အတွင်း စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား စစ်ကောင်စီက နေရပ်ပြန်ခေါ်ရာတွင် ပြန်မလာနိုင်ပါက အလုပ်မှထုတ်ပယ်သည်အထိ အရေးယူခံရ မည်ဖြစ် သောကြောင့် မြို့တွင်းပြန်ဝင်နေရသူအချို့ရှိနေသည်ဟု ကော့ကရိတ်သတင်းအရင်းအမြစ်မှ သိရသည်။
“ကျောင်းတွေပြန်ဖွင့်ဖို့လုပ်တော့ ဆရာမတွေကိုလည်းမြို့ထဲပြန်ဝင်ခိုင်းနေတယ် ။ တချို့ကျောင်း တွေမှာ စာသင်ဖို့အဆင်မပြေလို့ ပြေတဲ့ အ.ထ.က (၁)တို့(၂)တို့မှာ သွားတွဲလုပ်ခိုင်းတာ နေရပ်မပြန်ရင်တော့ အလုပ်ကနေ ကင်းကွာ ဒါမှမဟုတ် Dismissed (အလုပ်မှထုတ်ပယ်) ပေါ့။ မီးသတ်က ဝန်ထမ်းတစ်ယောက်တောင် ထုတ်ခံရတယ်ကြားတယ်။ တချို့ပင်စင်နားနီးတဲ့သူတွေကျတော့ ရွေးစရာမရှိဘူးလေ။” ဟု နီးစပ်သူတစ်ဦး က ပြောသည်။
ထိုကဲ့သို့ ဖိအားပေးမှုများကြောင့် နေအိမ်မီးလောင်ပျက်စီးသွားသည်တွင် ပါဝင်သော ဆရာ၊ဆရာမများ နေစရာအခက်ကြုံနေရသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်မနေရဲသည့် ပညာရေးအပါအဝင် ဌာနဆိုင်ရာဝန် ထမ်းများအား ၎င်းတို့ စစ်ကောင်စီဝင်းအတွင်း ပေးနေထားကြောင်း ကော့ကရိတ်မြို့ခံအချို့က ဆိုသည်။

နောက်ထပ်ကော့ကရိတ်ဒေသခံ အမျိုးသားတစ်ဦးက “ကျောင်းပြန်မတက်ရင် ဒဏ်ပေးမယ်လို့ပြောတယ်။ မြို့ထဲ မနေရဲဘူးဆိုရင်တော့ နစက ဝင်းထဲမှာပေးနေတယ်။ အဲဒီမှာ ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေလည်းရှိတယ်လေ။ မနက်ဆိုရုံးတက်အလုပ်လုပ် ညနေဆိုပြန်အိပ်၊ သူတို့ဝန်ထမ်းတွေရော ဝန်ထမ်း မိသားစုတွေရောပေါ့ ။ များသော အားဖြင့်ကတော့ ဝန်ထမ်းတွေက သူတို့ဘာသာသီးသန့်ပြန်လာကြတာပါ မိသားစုမပါဘူး” ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်တို့ အကြားတိုက်ပွဲမှာ ယခုနှစ် အရှိန်ပိုမိုမြင့်တက်လာသည့်အပြင် စစ်ကောင်စီက မြို့တွင်းမြို့ပြင် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှု လုပ်ဆောင်သဖြင့် ကော့ကရိတ်မြို့နယ်တစ်ခုလုံး အတိုင်းအတာအားဖြင့် စစ်ရှောင်နေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရခြင်းဖြစ်သည်။
ကော့ကရိတ်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၀ ဝန်းကျင်သည်လည်း တိုက်ပွဲ ကာလအတွင်း ပိတ်ထားရသည့်ကျောင်းများတွင် အပါအဝင်ဖြစ်ပြီး စစ်ကောင်စီက ကျောင်းဖွင့်ရန်ကြိုးပမ်းနေ သော်လည်း လတ်တလောမြို့ပေါ်လုံခြုံရေးအခြေအနေကြောင့် အုပ်ထိန်းသူမိဘပြည်သူအများစုမှာ မိမိတို့ စစ်ရှောင်ရာအရပ်ရှိ ကျောင်းများတွင်သာ သားသမီးများပညာရေး ရှေ့ဆက်လိုကြကြောင်း ကော့ကရိတ်စစ်ရှောင်အရေးစီမံပေးနေသူ အချို့ထံမှ သိရသည်။



















