Home သတင်း IEC ၏ မီဒီယာကျင့်ဝတ် ညွှန်ကြားချက်သည် လွတ်လပ်စွာသတင်းရယူခွင့်ကို ထိခိုက်စေကြောင်း IPCM ပြော

IEC ၏ မီဒီယာကျင့်ဝတ် ညွှန်ကြားချက်သည် လွတ်လပ်စွာသတင်းရယူခွင့်ကို ထိခိုက်စေကြောင်း IPCM ပြော

92
Photo: EPA

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ၏ ဧပြီလ(၁၆)ရက်နေ့ရက်စွဲပါ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန် ကြားချက်ထုတ်ပြန်မှုသည် လွတ်လပ်သော သတင်းရယူပိုင်ခွင့်ကို ထိခိုက်စေကြောင်း လွတ်လပ်သော မြန်မာသ တင်းမီဒီယာကောင်စီ-IPCM က ပြောဆိုလိုက်သည်။

ကရင်နီပြည်နယ်သို့ သတင်းရယူရန်ရောက်ရှိလာသော အလွတ်တန်းသတင်းထောက်အပါအဝင် ပြည်တွင်းပြည်ပရှိမီဒီယာများ လိုက်နာဆောင်ရွက်ဟူသော IEC ၏ အချက်(၈)ချက်ပါ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ပါအချက် နံပါတ်(၅)တွင် ကရင်နီပြည်နယ်အတွင်း မည်သည့်သတင်းမီဒီယာမဆို လွတ်လပ်စွာ သတင်းယူခွင့်ရှိသော်လည်း ကရင်နီပြည်၏စစ်ဆင်ရေးနှင့်အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေမည့်၊ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီကိုအားပေးသည့် မည်သည့်လုပ်ရပ်မျိုးမဆို တားမြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည့်အပေါ် IPCM ဒုဥက္ကဌ နိုင်ကိုကိုဇော်က ယခုလိုပြန်ပြောဆိုသည်။

“တော်လှန်ရေးကာလမှာ အဲဒီလိုထုတ်ပြန်ချက်က လွတ်လပ်စွာ သတင်းရယူခွင့်ကို အနည်းနဲ့အများ ထိခိုက်စေပါ တယ်။ ဘာလို့လည်းဆိုတော့ သတင်းသမားတွေအနေနဲ့ သတင်းရယူရာမှာ ထုတ်ပြန်ချက်က အဟန့် အတားဖြစ် စေလို့ပါ၊ အဟန့်အတားဖြစ်ရင် သတင်းယူရခက်သွားမယ်၊ ခက်သွားရင် လူထုက သတင်းအမှန် သိခွင့်မရဘူးဖြစ်သွားနိုင်တယ်” ဟု နိုင်ကိုကိုဇော်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လွတ်လပ်စွာသတင်းရယူရာတွင် မီဒီယာကျင့်ဝတ်ကိုလိုက်နာသော သတင်းသမားမှန်ပါက ဘက်တစ် ဘက်တည်းအသံဖြင့်သာမလုံလောက်သလို IEC အနေဖြင့်လည်း လူထုသိရှိပိုင်ခွင့်ကိုအလေးထားပါက ဖြေဆိုသင့်သည်တို့ကို ဖြေဆိုသင့်ကြောင်းလည်း IPCM ၏ ဒုဥက္ကဌက ဖြည့်စွက်ပြောဆိုသည်။

နိုင်ကိုကိုဇော်က “ကျင့်ဝတ်ကိုလိုက်နာတဲ့ သတင်းသမားမှန်ရင် ဘက်တစ်ဘက်ရဲ့အသံနဲ့မလုံလောက်ဘူး၊ ဘက် ပေါင်းစုံရဲ့အသံပါဖို့လိုတယ်။ လူထုအပေါ်မျက်နှာမူတဲ့ သတင်းဌာနဆိုရင် မိမိရဲ့ဆို့စ်အပေါ်မှာ လေးစားဖို့လိုမယ်။ တဖက်ကလည်း အပြုသဘောဆောင်တုန့်ပြန်ဖို့လိုအပ်ပါတယ်၊ အုပ်ချုပ်ရေးနဲ့စစ်ဆင်ရေးကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုးလို့ ထင်ရင် မဖြေဘဲနေလို့ရပါတယ်။ လူထုရဲ့သိပိုင်ခွင့်ကို အလေးထားတယ်ဆိုရင် ဖြေသင့်ပါတယ်” ဟု ပြောသည်။

ထို့အတူ မီဒီယာသမားများ ကရင်နီပြည်နယ်အတွင်း သတင်းလွတ်လပ်စွာ ရယူစီးဆင်းနိုင်ရေး IEC နှင့် တွေ့ဆုံ ဆွေးနွေးမှု အလျင်အမြန် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း IPCM က ပြောသည်။

IEC ၏ ထုတ်ပြန်ချက်တွင် ကရင်နီ(ကယား)ပြည်သို့ ရောက်ရှိလာကြသော သတင်းမီဒီယာသမားများသည် မိမိတို့အလုပ်ဌာနထောက်ခံစာနှင့်တကွ IEC သို့အကြောင်းကြားရမည့်အပြင် မြေပြင်သတင်းယူရာတွင် သက်ဆိုင်ရာဌာန ယူနီဖောင်းဝတ်ဆင်၍ ဝန်ထမ်းကတ်ပြသသတင်းရယူခွင့်တောင်းရမည်ဟု ဖော်ပြထားသည်။

ထို့အတူ မီဒီယာကျင့်ဝတ်ထက် ကျော်လွန်လုပ်ဆောင်သော သတင်းမီဒီယာများအနေဖြင့် ခေါ်ယူစေ့စပ် ညှိနှိုင်းမှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သလို ညွှန်ကြားထားသော မီဒီယာဆိုင်ရာကျင့်ဝတ်ကိုမလိုက်နာပါက သတင်းရယူခွင့်ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်းလည်း IEC က အသိပေးထားသည်။