Home သတင်း ရေတာရှည်၊ ဆွာမြို့အရှေ့ဘက်တွင် သင်္ကြန်ကာလတွင်း တိုက်ပွဲဖြစ်ပွား၍ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ

ရေတာရှည်၊ ဆွာမြို့အရှေ့ဘက်တွင် သင်္ကြန်ကာလတွင်း တိုက်ပွဲဖြစ်ပွား၍ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ

91
Photo: CJ

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းတွင် ပြီးခဲ့သည့် ဧပြီလ(၁၃)ရက်မှ ဧပြီလ(၁၇)ရက်နေ့အထိ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးနှင့်လေကြောင်းသုံးပစ်ခတ်သဖြင့် ကျေးရွာပေါင်း(၈)ရွာမှ ဒေသခံထောင်ချီ စစ်ဘေး တိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

စစ်တောင်းမြို့အနောက်ဘက်ကမ်းမှ စစ်ကောင်စီတပ်ရင်းက ဆွာအရှေ့ခြမ်းရှိ ဆွာရွာမ၊ ခင်တန်း၊ စည်ပိုင်း၊ ပိတောက်ကုန်း၊ ရွာသစ်၊ အနောက်ကုန်း၊ ထန်းပင်ကုန်း၊ ကိုးတန်းရွာအစရှိသည့် ကျေးရွာ (၈)ရွာကို လေကြောင်းအပါအဝင် လက်နက်ကြီးသုံး၍ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ(၂)ထောင်ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေရခြင်းဖြစ်သည်။

ဧပြီလ(၁၃)ရက်နေ့တွင် တော်လှန်ရေးတပ်များရှိနိုင်မည့်နေရာများကို စစ်တပ်က လက်နက်ကြီး ခန့်မှန်း ပစ်ခတ်ခဲ့ရာမှ ဌာနေရွာသားအချို့ထိခိုက်မှုရှိခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့ တိုက်ပွဲစတင်ပြင်းထန် လာခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “သင်္ကြန်အကြိုနေ့ကတည်းက ငှက်ပျောတောရွာ တံတားကနေ စစ်ကောင်စီတပ် အင်အား၇၀ လောက် စစ်ကြောင်းထိုးလာပြီး ကိုးတန်းရွာမှာတပ်ထိုင်ထားတာ။ ပြီးတော့ အနောက်ဘက်ကမ်းကနေ အမြောက်နဲ့လှမ်းပစ်တယ်။ နှစ်ဆန်းတစ်ရက်နေ့အထိ စစ်တောင်းအနောက်ဖက်ခြမ်းကနေ အမြောက် တွေနဲ့တရစပ်ထုတယ်။ လူတွေကတော့ရှောင်နေရတုန်းပဲ။ တပ်က အခုထိ ပြန်မထွက်သွားသေးဘူး။ လက်ရှိ ခင်တန်း၊ ကျိပ်ပုတီး၊ ထန်းပင်ကုန်းရွာတွေမှာ နေရာပြန်ယူထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

သင်္ကြန်အခါကြီးရက်ကြီး ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပြင် ဧပြီလ (၁၇)ရက်နေ့က အနောက်ကုန်းရွာအပါအဝင် ရွာပေါင်း(၄)ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့မှုများကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ယမန်နေ့က ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်အင်အား(၃၀)ကျော် ထိခိုက်ကျဆုံးခဲ့ရသည့်အတွက် ၎င်း တပ်ဖွဲ့ဝင်များ၏ရုပ်အလောင်းအား ပြန်လည်သယ်ယူရန် ထိုကဲ့သို့ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခြိမ်းခြောက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကလည်း သုံးသပ်ပြောဆိုသည်။

“တပ်ဘက်က(၃၀)ကျော်လောက်ကျတယ်ကြားတယ်။ မနေ့ညက လက်နက်ကြီးပစ်တာ သူတို့ဘက်ကကျတဲ့အလောင်းတွေပြန်ကောက်ဖို့ ခြိမ်းခြောက်ပြီးပစ်တဲ့ပုံစံလို့ယူဆရတယ်။ အလောင်းကောက်ပြီးမှ စစ်တပ်ဘက်က တပ်ကူတွေရောက်လာတာ အခုကတော့ ခင်တန်းရွာမှာ မွှေနေတယ်ကြားတယ်” ဟု အမည်မဖော်လိုသူဒေသခံက ပြောသည်။

ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် သံတောင်အထူးဒေသပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့အပါအဝင် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်(၂)ဦး ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသော်လည်း ဆက်သွယ်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဧပြီလ(၁၇)ရက်နေ့က တိုက်ပွဲပြီးနောက် လက်ရှိတွင် စစ်ကောင်စီဘက်က အင်အားထပ်မံတိုးချဲ့ထားပြီး အထက်ပါကျေးရွာများအတွင်း တပ်စွဲနေထိုင်နေသဖြင့် အချိန်မရွေးထိတွေ့ တိုက်ပွဲပြန်လည်ဖြစ်ပွားမည့်အရေး စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။