Home သတင်း ဖားအံမြို့ရှိ ဦးဆောက်ပန်းရုပ်ရှင်ရုံ မီးလောင်မှု ဖြစ်ပွား

ဖားအံမြို့ရှိ ဦးဆောက်ပန်းရုပ်ရှင်ရုံ မီးလောင်မှု ဖြစ်ပွား

104
Photo: (လူမှုကွန်ရက်)

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ လမ်းဂွအနီးရှိ ဦးဆောက်ပန်းရုပ်ရှင်ရုံတွင် ယနေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရုပ်ရှင်ရုံအတွင်းရှိ ဂတ်(စ်)အိုးထပေါက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခြေအနေကို သိရှိသည့် ရုပ်ရှင်ရုံအနီးနေထိုင်သူ ဖားအံမြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“မီးလောင်တာကတော့ ၂ နာရီဝန်းကျင်လောက်မှ စပြီးဖြစ်တာ။ နောက်ဖေး မီးဖိုဆောင် ဂတ်(စ်)အိုးထပေါက်ရာ ကနေစပြီး ဖြစ်တာလို့ပြောနေကြတယ်။ စစဖြစ်ချင်းတော့ မီးသတ်ကားတွေမရောက်သေးဘူး။ နည်းနည်းကြာမှ ရောက်လာတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဦးဆောက်ပန်းရုပ်ရှင်ရုံကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ ကိုဗစ်ရောဂါကူးစက်မှုကာလမ စတင်ခင်ကတည်းက ပိတ်ထား ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်တွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်သော်လည်း ပုံမှန်ပြန် လည် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

Photo: (လူမှုကွန်ရက်)

ထိုအခြေအနေကြောင့် အဆိုပါ ရုပ်ရှင်ရုံကို စားသောက်ဆိုင် Bar အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ယခု ဧပြီလကုန်တွင် Bar အဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဖားအံမြို့ခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင်လည်း ဖားအံမြို့ရှိ ရတနာမြေဆီဆိုင်တွင် ဆီဘောက်ဆာတွဲ ယာဉ်ပေါ်မှ ဓါတ်ဆီပေပါများသို့ ဆီဖြည့်နေစဉ် ဆီဂေါက်နှင့် ပေပါပွတ်တိုက်မိရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ဂိုထောင် ၁ လုံး၊ သွပ်မိုး၊ အုတ်ကာ နေအိမ်အမိုး၊ ဆီသယ်ယာဉ် ၁ စီး၊ ဓါတ်ဆီ (၇,၆၀၀) ဂါလံခန့် မီးလောင် ဆုံးရှုံးသည့် ဖြစ်စဉ်ဖြစ်ခဲ့ဖူးသေးသည်။