Home သတင်း ရေတာရှည်၊ ‌ဆွာအရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃၀)ကျော် သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ပြော

ရေတာရှည်၊ ‌ဆွာအရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃၀)ကျော် သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ပြော

102
Photo: CJ

ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ယခုအပတ်အတွင်း စစ် ကောင်စီနှင့်တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များ နှစ်ဖက်ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၃၀)ကျော် သေဆုံးခဲ့ကြောင်း ပူးပေါင်းတပ်ဘက်က ယနေ့အတည်ပြုပြောသည်။

ဧပြီလ(၁၃)ရက်နေ့တွင် စစ်ကောင်စီက စစ်တောင်းမြစ်အနောက်ဘက်မှ ဆွာအရှေ့ဘက်ကျေးရွာများသို့ လက်နက်ကြီးနှင့်စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ (၃၀)ကျော်သေဆုံး၍ တော်လှန်ရေးတပ်ဘက်မှ (၄)ဦးသေဆုံး၊ (၈)ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း တိုက်ပွဲ တွင်ပါဝင်သည့် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၃၅၀၁ ထံမှ သိရသည်။

၃၅၀၁၊ တပ်ခွဲ(၂) တာဝန်ရှိသူတစ်ဦးက “သူတို့ဘက်က (၃၀)ကျော် လောက်ကျတယ်။ ကျနော်တို့ဘက်ကတော့ ပုဝါနီစစ်ကြောင်းက တစ်‌ယောက်၊ ကီးကူစစ်ကြောင်းက တစ်ယောက်၊ နေပြည်တော် စစ်ကြောင်းက နှစ်ယောက် ကျတယ်။ (၈)ယောက်ကတော့ ဒဏ်ရာရထားတယ်။ စစ်ကပြန်ဆိုင်ထားတုန်းမို့လို့ စာရင်းအတိအကျ တော့မရသေးဘူး” ဟု ၎င်းက ယနေ့ ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အလောင်းကောက်ယူစဉ် စစ်တပ်ဘက်က ဆွာ အရှေ့ဘက်ရှိ ကျေးရွာများသို့ လက်နက်ကြီးအကြိမ်ရေများစွာ ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

Photo: CJ

ထို့အပြင် စစ်ကောင်စီသည် ဆာရွာမကြီး၊ ခင်တန်း၊ ကိုးတန်း၊ တဲစု၊ ထန်းပင်ကုန်း အစရှိသည့်ကျေးရွာများအတွင်း လက်ရှိအချိန်ထိ တပ်စွဲထားပြီး ရွာအပြင်သို့ ထွက်မပြေးလိုက်နိုင်သော ဒေသခံအချို့ ရွာရှိ ဘုန်းကြီး ကျောင်းဝင်း အတွင်း ခိုအောင်းနေထိုင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အတူ စစ်ကောင်စီက တိုက်ပွားဖြစ်ပွားစဉ် လေကြောင်းမှ တိုက်လေယာဉ်နှင့်ဒရုန်းသုံး ပစ်ခတ်တိုက်ခိုက်မှု များ ကြောင့် အနောက်ကုန်းရွာမှ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့ရ‌သလို ဌာနေလူထု (၂)ထောင်ထက်မနည်း စစ်ဘေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၇)ရက်မှ ဧပြီလ (၉)ရက်နေ့အထိ နှစ်ပတ်တာအတွင်း စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်များပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း (၈၃) ခုဖြစ်ပွားခဲ့သည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈၂)ဦးသေဆုံး၍ တော်လှန်ရေးတပ်ဖွဲ့ဝင် (၆) ဦးသေဆုံးခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာနေသည့် BNI-MPM ၏ စာရင်းမှတ်တမ်းများအရ သိရသည်။