Home သတင်း ကျုံဒိုးချောင်းဖျား၊ နဘူးလမ်းကြောင်းမှ စစ်ကူတက်လာသော စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းဖြင့် ဗုံးကြဲနေ

ကျုံဒိုးချောင်းဖျား၊ နဘူးလမ်းကြောင်းမှ စစ်ကူတက်လာသော စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းဖြင့် ဗုံးကြဲနေ

117
Photo: CJ

ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ခွဲဒေသအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်းများ ယနေ့ နံနက် ၇ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ၏ ကြားဖြတ် တိုက်ခိုက်ခံရသည့်အတွက် လေကြောင်းဖြင့်တုန့်ပြန်တိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကူစစ်ကြောင်းများသည် ကျုံဒိုးခြေမြန်တပ်ရင်း-ခမရ ၅၄၅/၅၄၆ တပ်မှတဆင့် ချောင်းဖျား ၊ အုန်းတစ်ပင်ရွာဘက်သို့ စစ်ကူစစ်ကြောင်းထွက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခြင်းခံခဲ့ရ၍ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်နေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသူနှင့် ပိတ်မိနေသူများရှိကြောင်း ကျုံဒိုးချောင်းဖျား ကျေးရွာဒေသခံက ပြောသည်။

၎င်းက “မနက် ၇ နာရီကျော် လောက်ကနေ ပစ်သံတွေ စကြားရတာ။ ပြီးတော့ ၈ နာရီကျော် လောက်မှာ ချောင်းဖျားနဲ့ အုန်တစ်ပင်ဘက်ကို ရဟတ်ယာဉ်ပျံပြီးပတ်ပစ်တယ်။ ဗုံးကြီးကြဲချတယ်။ ပေါ်တော်မူကျောင်းဘက် လက်နက်ကြီးကျပေါက်တယ်။ အခုလူတွေက အိမ်တွေထဲ ပိတ်မိတာနဲ့ တစ်ကိုယ်ရေထွက်ပြေးရတာမျိုးတွေ နဲ့ လူစုကွဲကုန်တာတွေ ရှိနေတယ်။ စစ်တပ်က နဘူးဘက်ကနေ မြဝတီကို တက်မလား။ ကော့ကရိတ်ကို ဆက်ပြီး ဝင်မလားဆိုတာတော့ မသိဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့တွင်းနေရာနှင့် ကော့ကရိတ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အာရှလမ်းမ နေရာများသို့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှု၊ အတွဲလိုက်ပစ်ရောကက်ဒုံးများ ပစ်ခတ်မှုနှင့် သံချပ်ကာ အမြောက်ကားများမှ ပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှုများအပြင်းအထန်တိုက်ခိုက်မှုလုပ်ဆောင်ကာ တိုက်ခိုက် နေသော်လည်း စစ်ကြောင်းများရှေ့ဆက်ချီတက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Photo: CJ

စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲမှု အပြင်းအထန်လုပ်ဆောင်သည့်အတွက် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့ကရိတ် တောင်ပိုင်းရှိ မြို့ဟောင်းကျေးရွာသို့ ဗုံးသီး ၅ လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

“ဒီ ၂ ရက်အတွင်း စစ်တပ်က တော်တော်လေး လက်နက်မျိုးစုံနဲ့ပစ်တယ်။ ကော့ကရိတ်တောင်ပိုင်း၊‌ မြောက်ပိုင်း ရွာဘက်တွေ အကုန်ရမ်းပစ်နေတာ အရပ်သားထိတာ ၁၀ ယောက် လောက်ထိတယ်။ သေတာမြို့ဟောင်းရွာ ဘုန်းကြီးကျောင်း ဆရာတော်ကြီးအပါနဲ့ဆိုရင် ဒီစစ်ကူစစ်ကြာင်းက ပစ်တာကြောင့် သေရတာ ၅ ယောက်ရှိပြီ။ ကျုံဒိုးဘက်ကရွာမှာလည်း အမျိုးသမီးတစ်ယောက်သေတယ်။ အခု တော့ သူတို့ စစ်တပ်ကို ကြားဖြတ်တိုက်ခံရတာမှာလည်း စစ်တပ်ကကောင်တွေ တော်တော်များများသေတယ်။ ထိခိုက်တာ ရှိတယ်” ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ စစ်ကူစစ်ကြောင်းသည် မြဝတီမြို့ဘက်သို့ အင်အားတစ်ထောင်ဝန်းကျင်နှင့် သံချပ်ကာအမြောက်ကား အစီး ၃၀ ခန့်ဖြင့် စုဖွဲ့ပြီး စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကော့ကရိတ်မြို့၊ နဘူး၊ ထို့ကော်ကိုး၊ အာရှလမ်းသစ် လမ်းပိုင်း ၃ခုမှ မြဝတီမြို့နှင့် ကော့ကရိတ်မြို့အနီးဝန်းကျင်နေရာများမှ လက်လွတ်ကျရှုံးထားသည့် စစ်စခန်းများ ပြန်လည်ရယူရန် အပြင်းအထန်တိုက်ပွဲများဆက်ဖြစ်နေကြောင်း သိရသည်။