Home သတင်း တပ်ရင်း နှင့် ဂိတ်စခန်းတိုက်ခိုက်ခံရ၍ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ

တပ်ရင်း နှင့် ဂိတ်စခန်းတိုက်ခိုက်ခံရ၍ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ

131
Photo: YGF

ဧပြီလ ၁၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂၉၉) နှင့် မလွဲတောင်ဂိတ်ခစန်းကို ဧပြီလ ၁၂ ရက်နေ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့−YGF က ယမန်နေ့ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မွန်-တနင်္သာရီသွား အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေ စိုးမိုးမှုများ ပိုမိုတိုးချဲ့လာပြီးနောက် (ခလရ -၂၉၉) တပ်ရင်းကို လက်နက်ကြီးဖြင့် (၁၇) ကြိမ်၊ ဒရုန်းဖြင့် ဗုံးသီးအလုံး (၈၀) လုံးကြဲချကာ ချေမှုန်းရေးတပ်ဖွဲများကလည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလို မလွဲတောင်ဂိတ်စခန်းကို လည်း တစ်ပြိုင်နက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါန စစ်ကြောင်းမှ ရဲဘော်ရန်နိုင်က ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းကြောင့် K-8W Jet Fighter လေယာဉ် ၂ စီး၊ Mi-35 တစ်စီး နှင့် Y-12 တစ်စီး စုစုပေါင်း လေယာဉ် (၄) စီး အသုံးပြုကာ ပြန်လည်တုန့်ပြန် တိုက်ခိုက်ခဲ့ပြီး ကျေးရွာနှင့်ဘုန်းကြီးကျောင်းကိုထိမှန်ခဲ့ကြောင်းလည်း ရဲဘော်ရန်နိုင်က ဆက်ပြောသည်။

၎င်းတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်YGF (ဒေါနတပ်ခွဲ-၃)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း (၁)၊ ကံပေါက်ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄) KBDF၊ ဝေဟင်တပ်ဖွဲ့(ဒေါနတပ်ခွဲ-၆)၊ ထားဝယ်ဒေသပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၇) DDT၊ ရေးသိမ်းငှက်(ဒေါနလုံခြုံရေးတပ်ခွဲ)၊ ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်း(T1) ၊ Saw Dragon Drone Force(ဒရုန်းအထူးတပ်ဖွဲ့) တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို တော်လှန်ရေး တပ်ဘက်မှ လည်း ရဲဘော် ၁ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း YGF ကဖော်ပြထားသည်။

ထို့အတူ မွန်ပြည်နယ်ရေးမြိုတောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် (၈) ပြည်ထောင်စု လမ်းပိုင်းကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ တော်လှန်ရေး အင်အားစုများက ဆက်လက်ထိန်းချုပ်ထား သည့်အတွက် စစ်ကောင်စီတပ်၏ ကုန်းလမ်းပိုင်ဆိုင်ရာ ထောက်ပို့လမ်း ကြောင်းများအားလုံး ပြတ်တောက်မှု များရှိလာကြောင်း မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောဆိုခဲ့သေးသည်။

“ဒီဘက်မှာတောက်လျှောက်နယ်မြေစိုးမိုးမှုတွေ ချဲ့ထွင်မှုတွေရှိလာတော့ သူတို့ ဒီကအင်အားတွေကို ထုတ်သုံးပြီး တစ်ခြားနေရာကိုပို့လို့မရတော့ဘူး။ မနှစ်ကအချိန်ဆိုရင် ကျနော်တို့မရောက်ခင် ဒီဘက်က အင်အားတွေ တစ်ခြားနယ်တွေ ရခိုင်ဖြစ်စေ မြဝတီဘက်ကိုစစ်ကူပို့တာရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာကျတော့ သူတို့အဲ့လိုမပို့ရဲ တော့သလို ပို့လည်းမရတော့ဘူး။ ဒီဘက်ကိုတောင်အင်အား ပြန်ဖြည့်တာတွေ ဖြစ်လာပြီး” ဟု ဒေါနစစ်ကြောင်း မှ ရဲဘော်ရန်နိုင်က ဆိုသည်။

အလားတူ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ တပ်စခန်း၊ ဂိတ်၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီတပ် နှင့် ဆက်နွယ်သူများကို နယ်မြေရှိသက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့က မကြာခဏ ဝင်ရောက် ပစ်ခတ်ရှင်းလင်းမှုများရှိနေသလိုလမ်းပိုင်းတချို့ကိုလည်း နယ်မြေစိုးမိုးမှုများ ပြုလုပ်ထားခြင်းကြောင့် စစ်ကောင်စီတပ်အတွက် လူအင်အား၊ ရိက္ခာစသည့် အဖက်ဖက်မှ ခက်ခဲမှုများရှိလာကြောင်းလည်း တော်လှန် ရေးအင်အားစုဘက်က ပြောသည်။