Home သတင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများတိမ်းရှောင်နေရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများတိမ်းရှောင်နေရ

73

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဒေသခံများက တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် (အမတ-၃၀၆) တပ်ရင်းက သင်္ကြန်အကြိုနေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ် မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း အရှေ့မော်တုန်း ကျေးရွာနေဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “အရင်ကဆို ညဘက်တွေမှာပဲ လက်နက်ကြီး ကြားရတာများတယ်။ အခုရက်ပိုင်း နေ့ဘက်တွေပါ ပစ်လာ တယ်။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ ပစ်ချင်လို့ကို ပစ်တဲ့သဘော ဖြစ်နေတာ။ လူတွေထိခိုက်တာမျိုးတော့ မကြားရ သေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာရှိ နေ အိမ်များနှင့် ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောသည်။

“လက်နက်ကြီးတွေလှမ်းလှမ်းပစ်တော့နေအိမ်နဲ့ဥယျာဉ်တွေ ထိခိုက်ပျက်စီးတာရှိတယ်။ တချို့ကျတော့လည်း နီးတဲ့နေရာတွေ ရှောင်ကျတယ်။ မြို့တက်ရှောင်ကြတာတွေလည်းရှိတယ်။ ရွာတွေဘက်မှာက လက်နက်ကြီး ပစ် တာတွေ အခုနောက်ပိုင်း ပိုလုပ်လာတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ အမြောက်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အနောက်မော်တုန်းကျေးရွာ နှင့် မရင်းကြီး ကျေး ရွာရှိ ဒေသခံများအနေဖြင့် နီးစပ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရသောကြောင့် နေရာထိုင်ခင်း အခက်အခဲများ လည်း ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

အလားတူ တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် မတ်လမှစတင်ပြီး နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေး တိမ်းရှောင်နေရသူ (၇,၆၀၀) ဦးရှိခဲ့ကြောင်း၊ ယခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား(၃၇)ဦးကျော်ရှိကာ (၅)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းအခြေစိုက် FE5 Tanintharyi သုတေသန စစ်တမ်း၏ ဖော်ပြချက်အရ သိရသည်။