Home သတင်း မြဝတီမြို့ခံများ နေရာရွှေ့ပြောင်းကြရန် အွန်လိုင်းပေါ် သတိပေးမှုများထွက်နေ၊ မြို့ခံများ ပုံမှန်သွားလာနေဆဲ

မြဝတီမြို့ခံများ နေရာရွှေ့ပြောင်းကြရန် အွန်လိုင်းပေါ် သတိပေးမှုများထွက်နေ၊ မြို့ခံများ ပုံမှန်သွားလာနေဆဲ

93
Photo-CJ

ဧပြီ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နယ်စပ် မြဝတီမြို့ကို ပြန်လည်ရရှိရေး ဖားအံမြို့မှ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်လာနိုင်သည့် အခြေအနေကြောင့် မြို့ခံများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းထားကြရန် အွန်လိုင်းပေါ်က သတိပေးမှုများထွက်ပေါ်လျက်ရှိပြီး မြို့ခံများကမူ လက်ရှိအချိန်ထိ ပုံမှန်သွားလာလှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း မြဝတီမြို့ခံများက‌‌ ပြောသည်။

” မြဝတီက အခုထိ အေးဆေးပဲလေဘာမှ မဖြစ်ဘူး၊ လိုင်းပေါ်မှာ သတင်းတွေက အမျိုးမျိုးရေးနေကြတာရယ်။ မြေပြင်မှာက အရောင်းအဝယ်အသွားအလာ ပုံမှန်ပဲရှိနေတယ်လေ။ ကျမတို့ကတော့ ပစ်ကြခတ်ကြပြီဆိုမှပဲ ပြောင်းမယ်။ အခုပြောင်းပြေးရင် သူခိုးက အကြိုက်ခိုးမှာ။ အိမ်ဖောက်ယူမှာ အဲလိုတော့အဖြစ်မခံဘူး။ အခုထိ လည်း ပစ်သံခတ်သံ မကြားဘူးဆိုတော့ ဖေ့ဘုတ်ပေါ်မှာ ဘယ်လောက်ရေးရေး ကျမတို့တော့ မပြောင်းသေးဘူး ။”ဟု မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ကျွန်းတော လမ်းနေထိုင်သူက ပြောသည်။

ယနေ့ ဧပြီလ ၁၈ နေ့အထိ မြဝတီမြို့ပတ်ခြာလည် နေရာများတွင် စစ်ရေးလှုပ်ရှားနေသည့် BGF/KNA တပ် ၊ DKBA တပ်နှင့် KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့များပုံမှန်သွားလာမှုရှိနေကြပြီး ခလရ ၂၇၅ တပ်ရှေ့ အာရှလမ်းပိုင်းမှ သင်္ဃန်းညီနောင် အာရှလမ်းပိုင်းတစ်လျှောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ နယ်မြေစိုးမိုးထိန်းချုပ်ထားကြာင်း သိရှိရသည်။

မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “သူဟာသူ ဘယ်သူနဲ့ပဲ တိုက်ကြတိုက်ကြ လူထုကကြားက ထိခိုက် ကြရတာ။ အခုကလိုင်းပေါ်မှာ အမျိုးမျိုးဖွနေကြတယ်။ လက်ရှိ မြို့မှာကတော့ တည်ငြိမ်နေတယ်။ တံတားလည်း ပုံမှန်ဖွင့်နေတယ်။ BGF ကနေ ကင်းပတ်နေတယ်။ စစ်တပ်ကတော့ သူတို့ ရှိနေတဲ့နေရာတွေ ကနေအပြင်တော့ မထွက်ကြဘူး။ ရဲစခန်းထဲက ရဲတွေလည်း အထဲမှာရှိနေတယ်။ ဖြစ်ရင်တော့ ပြေးစရာက မဲဆောက်ဘက်ကို ပဲရှိတယ်။ ကျနော်တို့ကတော့ မပြောင်းသေးဘူး၊” ဟု ပြောသည်။

Photo-CJ

လက်ရှိ ဖားအံမြို့ဘက်က စစ်ကောင်စီတပ် စစ်ကူ‌‌စစ်ကြောင်းနှင့် သံချပ်ကာစစ်ကြောင်းများသည် ကျုံဒိုး၊ ကော့က ရိတ်ဒေသအတွင်းသို့ ရောက်ရှိနေပြီး မြဝတီမြို့ဘက်သို့ ဆက်လက်ချီတက်ချိန်တွင် KNLA မဟာမိတ် တပ်များ ကြားဖြတ် တိုက်ခိုက်မှုကြောင့် အကျအဆုံးများနေပြီး စစ်ယာဉ်တန်းများပျက်စီးမှုရှိနေကြာင်း စစ်ရေးနယ်မြေ သတင်းအရင်း အမြစ်များက ပြောသည်။

” စစ်တပ် စစ်ကြောင်းတွေက အာရှလမ်းနဲ့နဘူး။ ထို့ကော်ကိုးလမ်းကို ဖြတ်တက်ဖို့ လုပ်နေတာမှာ PDF တွေ ဖြတ် တိုက်နေလို့ သူတို့ထိတာ၊ သေတာတွေရှိတော့ ဆက်မတက်လာကြသေးဘူး။ ဒရုန်းဗုံးချတာတွေ သူတို့ စစ်တပ် တွေ ထိကုန်တယ်။ သူတို့ လေယာဉ်က လာဗုံးကြဲတော့ ရွာသားတွေထိတယ်။ သေတယ်။ စစ်တပ်က အခု ပြန်ငြိမ် လိုက်ပစ်လိုက်ပဲ ” ဟု တတန်ကူးကျေးရွာနေထိုင်သူက ပြောသည်။

နယ်စပ်မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက် ထားနိုင်ဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုကလည်း ယနေ့သတင်း ထုတ်ပြန် ထားသည်။

ထိုသို့ နှစ်ဖက်စစ်ရေးတင်းမာနေသည့် မြဝတီ၊ ဖားအံ၊ ကော့ကရိတ်၊ ကျုံဒိုးအာရှလမ်းမတစ်လျှောက်အား ပြန် လည် ထိန်းချုပ်နိုင်ရန် ယနေ့နံနက်ပိုင်းက ဖားအံတပ်နယ်မှ စစ်ကြောင်းစစ်ကူကား ၁၀ စီးဖြင့် ကျုံဒိုး ၊ ကော့ကရိတ်ဘက်သို့ ထွက်ခွာလာနေကြောင်း မျက်မြင်တွေ့ရှိရသည့် ဖားအံမြို့ခံများ၏ ပြောစကားအရ သိရသည်။