Home သတင်း မြဝတီမြို့ကို ပြန်ယူရန် စစ်ကောင်စီ လေကြောင်းပစ်ကူ အပြင်းအထန်လုပ်ဆောင်နေ

မြဝတီမြို့ကို ပြန်ယူရန် စစ်ကောင်စီ လေကြောင်းပစ်ကူ အပြင်းအထန်လုပ်ဆောင်နေ

143
Photo: KIC (စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးသွားသော ကော့ကရိတ်ဒေသခံ နေအိမ်)

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားသည့် မြဝတီမြို့ကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းနှင့်အတူ လေကြောင်းပစ်ကူများအပြင်းအထန် လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။

မြဝတီမြို့ကို ပြန်လည်ရယူရန် အင်အားရာချီတက်လာသည့် စစ်ကောင်စီ ယာဉ်တန်းအား (KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က ခုခံတိုက်ခိုက်သဖြင့် လက်နက်ကြီးအပြင် လေကြောင်း ပစ်ကူများ နေ့စဉ်အပြင်းအထန် ပစ်ခတ်နေကြောင်း ကော့ကရိတ်ဒေသအခြေစိုက်လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်တပ်က မြဝတီ-သင်္ဃန်းညီနောင်ဘက်ကို တက်ဖို့ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ နေ့တိုင်း အဆက်မပြတ်ပစ်ခတ်နေတယ်။ တိုက်လေယာဉ်လား၊ ကင်းထောက်လေယာဉ်ကော နေ့တိုင်း နှစ်စီးသုံးစီးနဲ့လာပတ်ပြီးပစ်နေတယ်”ဟု အဆိုပါ တော်လှန်တပ်ဖွဲ့ဝင်က ကေအိုင်စီသို့ပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းနှင့်အတူ လက်နက်ကြီးများ၊ လေကြောင်း ပစ်ကူများအပြင်းအထန်ပြုလုပ်နေသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ ခုခံတိုက်ခိုက်မှုကြောင့် ကော့ကရိတ်တောင်ခြေတွင်သာ ရောက်ရှိနေသေးကြောင်း အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Photo: KIC (စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးသွားသော ကော့ကရိတ်ဒေသခံ နေအိမ်)

၎င်းက“လက်နက်ကြီးတွေလေယာဉ်တွေနဲ့အဆက်မပြတ်လာရောက်ပစ်ကူပေမဲ့တော်လှန်ရေးရဲဘော်တွေက ခုခံ တိုက်ခိုက်တော့ မြဝတီဘက်ကို မတက်နိုင်ဘူး၊ ကော့ကရိတ်တောင်ခြေမှာပဲ ရောက်နေသေးတယ်။ ထိတွေ့ တိုက်ပွဲတော့မမြဲတမ်းရှိနေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်၊ မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း (ခလရ ၂၇၅ )ကို KNLA တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဧပြီလ ၁၂ ရက်နေ့တွင် မြဝတီမြို့ဘက်သို့ စစ်ကူသွားရန် သံချုပ် ကာကားများနှင့်အတူ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

စစ်ကောင်စီတပ်မှ စစ်ကူလာသည့် လမ်းတစ်လျှောက် လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ် ခတ်မှုများလုပ်ဆောင်သလို အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးစစ်ဆေးနှိပ်စက်ကာ ငွေကြေး ပစ္စည်းဥစ္စာ များကိုလည်း ယူဆောင်သွားခဲ့ကြကြောင်း ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ဒေသခံများက ပြောသည်။