Home သတင်း မြဝတီမြို့သို့ ချီတက်နေသည့်စစ်ကောင်စီစစ်ကြောင်းကို KNLA ဖြတ်တောက်ထားနိုင်ဆဲ

မြဝတီမြို့သို့ ချီတက်နေသည့်စစ်ကောင်စီစစ်ကြောင်းကို KNLA ဖြတ်တောက်ထားနိုင်ဆဲ

136

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက်ထားနိုင်ဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ယနေ့ထုတ်ပြန်လာသည်။

KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်ဖွဲ့ဝင် များက စစ်ကောင်စီ တက်လာသည့် လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက် ဖြတ်တောက်မှုများပြုလုပ် ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးပြီး စစ်ယာဉ်တချို့ပျက်စီးခြင်းကြောင့် ဒေါနတောင်တန်း အနောက်ဘက် တောင်ခြေတွင် ရပ်တန့်နေကြောင်း ကေအဲန်ယူက ဆိုသည်။

မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သံချပ်ကာယာဉ်များ၊ စစ်တပ်သုံးယာဉ်များဖြင့် ရာနှင့်ချီသည့် တပ်ဖွဲ့ဝင်များပါ ဝင်၍ စစ်ကြောင်းထိုးတက်နေခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက် ခံနေရခြင်းလည်းဖြစ်သည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သား ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်မှုကိုပါအသုံးပြု၍ လမ်းကြောင်း ရှင်းလင်းနေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိသလို အရပ်သားပိုင် ပစ္စည်းဥစ္စာများလည်း ထိခိုက် ပျက်စီးမှုရှိသည်ဟု ကေအဲန်ယူက ဆိုထားသည်။

မြဝတီမြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၂၇၅) ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် KNLA ဦးဆောင်သည့် ပူးပေါင်းတပ်က မြို့ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသလို စစ်ကောင်စီဘက်က လည်း မြို့ကိုပြန်လည်ရရှိရန် အပြင်အထန်းကြိုးပမ်းနေလျက်ရှိသည်။

အလားတူ မြဝတီမြို့ကို လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း KNU ဗဟိုက ဧပြီလ ၁၂ ရက်နေ့က အသိပေးထုတ်ပြန်ထားသေးသည်။