Home သတင်း မုပွန်နယ်မြေရဲစခန်းတွင် အချုပ်ဖောက်ပြေးမှုဖြစ်ပွားပြီး အချုပ်သားနှစ်ဦး လက်နက်နှင့်တကွ လွတ်မြောက်

မုပွန်နယ်မြေရဲစခန်းတွင် အချုပ်ဖောက်ပြေးမှုဖြစ်ပွားပြီး အချုပ်သားနှစ်ဦး လက်နက်နှင့်တကွ လွတ်မြောက်

97
Photo: CJ

ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေရဲစခန်းတွင် ပြီးခဲ့သည့် ဧပြီလ(၁၇)ရက်နေ့က အချုပ်ဖောက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးသည့်အချုပ်သား(၃)‌ဦးအနက် လက်နက်နှင့်တကွ (၂)ဦးလွတ်မြောက်သွားကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။

အဆိုပါအချုပ်‌ဖောက်ပြေးသူ(၃)ဦးမှာ ၎င်းတို့နေအိမ်မှပေးပို့လာသော ပစ္စည်းများအား အချုပ်ခန်း အတွင်းဝင်ပေးသည့် ရဲတပ်ဖွဲ့ဝင်၏သေနတ်ကို လုယူ၍ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး အပြန် အလှန်ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “သူတို့အိမ်ကပို့လာပေးတဲ့ပစ္စည်းတွေကို ရဲကအချုပ်ခန်းထဲဝင်ပေးတဲ့အချိန်မှာ လာပေး တဲ့ရဲရဲ့သေနတ်ကိုလုပြီးပြေးတယ်လို့ သိရတယ်။ ဆေးမှု၊ ခိုးမှုတို့နဲ့ အချုပ်ကျနေတဲ့သူတွေပါ ။ တစ်ယောက်ကိုတော့ပြန်ဖမ်းမိတယ်။ ရဲစခန်းထဲမှာလည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှုအတွင်း ရဲစခန်းရှိ ဂတ်စာရေးတစ်ဦးနှင့် အခြားအချုပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ကြပ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းသတင်းအရင်းအမြစ်မှ သိရှိရသော်လည်း ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင်မူ အချုပ်သား(၄)ဦး အချုပ်ဖောက်ပြေး သည့်ဖြစ်စဉ်အတွင်း လက်နက်နှင့်တကွ (၃)ဦးလွတ်မြောက်ပြီး ရဲတပ်ကြပ်တစ်ဦး နဖူးသေနတ်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အချုပ်ဖောက်ပြေးမှုအပြီး မော်လမြိုင်-ချောင်းဆုံတံတား လုံခြုံရေးကို စစ်ကောင်စီဘက်က တိုးမြှင့်ချထားလိုက်ကြောင်း မြို့ခံများကပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်းကလည်း ရန်ကုန်တိုင်း၊ ဒလမြို့ရဲစခန်း အချုပ်ထောင်မှ အချုပ်သား(၆)ဦး အချုပ်ထောင်ခေါင်မိုးသစ်သားကို ခွာ၍ ထွက်ပြေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။