Home သတင်း စစ်‌ကောင်စီ လွှတ်ပေးသည့် အကျဥ်းသား (၃,၀၀၀)အနက် နိုင်ငံရေးအကျဥ်းသား (၁၀၁)ဦးသာ ပါဝင်

စစ်‌ကောင်စီ လွှတ်ပေးသည့် အကျဥ်းသား (၃,၀၀၀)အနက် နိုင်ငံရေးအကျဥ်းသား (၁၀၁)ဦးသာ ပါဝင်

103
Photo: Crd. (ပုံဟောင်း)

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နှစ်သစ်ကူး‌ပြောင်းသည့် နှစ်ဆန်း(၁)ရက်နေ့ ဧပြီလ(၁၇)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်အသီးသီးမှ အကျဥ်းသား (၃,၃၀၃)ဦးအား စစ်ကောင်စီက လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သည့် အနက် နိုင်ငံရေးအကျဥ်းသား (၁၀၁) ဦးသာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်-PPN ၏ ယနေ့ စာရင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသားများတွင် မွန်ပြည်နယ်၊ ကျိုက်မ ရောမြို့နယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ(၃)ဦး၊ တနင်္သာရီတိုင်း၊ မြိတ်နှင့် ထားဝယ် အကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသားနှင့်အကျဥ်းသူ တစ်ဦးစီတို့သာ ပါဝင်ခဲ့‌ပြီး အခြားပြည်နယ်နှင့်တိုင်းမှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၅၃)ဦး၊ အကျဉ်းသူစုစုပေါင်း(၂၅)ဦးနှင့် ကျား၊မ စိစစ်ဆဲ (၁၈)ဦးတို့ ဖြစ်‌ကြောင်း PPN ၏ စာရင်းတွင် ဖော်ပြထားသည်။

အဆိုပါစာရင်းသည် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးလာသော စုစုပေါင်းဦးရေ၏ ၄ ရာခိုင်နှုန်းမျှသာ ရှိပြီး PPN အနေဖြင့် စာရင်း အတိအကျကောက်ခံနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောသည်။

၎င်းက “ကျနော်တို့အခု ရရှိထားတဲ့စာရင်းတွေအရ လွတ်လာတဲ့ နိုင်ငံ‌ရေးအကျဉ်းသား (၁၀၀) တော့ကျော်လာပြီဆိုပေမယ့် ရာခိုင်နှုန်းချကြည့်ရင် ၄ ရာခိုင်နှုန်းတောင်မပြည့်ဘူး ကျနော်တို့လက်လှမ်းမမီတဲ့ဆီမှာလည်း လွတ်သွားတာရှိနိုင်တယ်။ အနည်းဆုံး ၄ရာခိုင်နှုန်းဆိုရင် လူဦးရေက ၁၅၀ ဝန်းကျင်ဖြစ်ရမယ်လေ။ အဲဒီ လက်လှမ်းမမီတဲ့ထောင်တွေကိုပါ ထည့်တွက်မယ်ဆိုရင် ၄ ရာခိုင်နှုန်းမကျော်ဘူးဆိုတာတော့ပြောလို့ရပါတယ် “ ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို စာရင်းအတိအကျ ကောက်ခံနိုင်ရန် ခဲယဉ်းရခြင်းမှာ စစ်ကောင်စီက ထိုလွတ်မြောက်လာသည့်အကျဉ်းသားများအနက် နိုင်ငံရေးအကျဥ်းသားပါဝင်သော အရေအတွက်ကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းမရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူများထံသို့သာ ဆက်သွယ်မေးမြန်းမှုများလုပ်ဆောင်ရသောကြောင့် ဖြစ်ကြောင်း PPN က ပြောသည်။

၎င်းအပြင် (၁၀၁)ဦးအနက် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်-KBC ၏ အကြံပေး သိက္ခာတော်ရဆရာတော်တစ်ဦးအား ဧပြီလ(၁၇)ရက်နေ့ညပိုင်းကပင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း PPN က ထုတ်ပြန်ချက်အတွင်း ဖော်ပြထားချက်အရ သိရသည်။

“စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့လွတ်ငြိမ်းမှာလည်း လွှတ်တော်အမတ်တစ်ယောက်ကို လွှတ်ပေးပြီးတော့မှ အကြောင်းပြချက်တစ်ခုပေးပြီး ထောင်ထဲပြန်ထည့်တာ ရှိတယ်။ ဒီလိုမျိုးနိုင်ငံရေးအကျဥ်းသား‌တွေကို လွှတ်ပြီးမှ ပြန်ဖမ်းတဲ့ကိစ္စဟာ အင်မတန်မှ အကျည်းတန်‌တဲ့ ကိစ္စဖြစ်ပြီး စစ်ကောင်စီရဲ့ ဥပဒေမဲ့ လုပ်ရပ်ကို မြင်သာစေတယ်” ဟု ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အခါကြီးရက်ကြီးနေ့များတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိရာ ပြီးခဲ့သည့်ဇန်နဝါရီလ (၄)ရက် လွတ်လပ်‌ရေးနေ့က သက်ဆိုင်ရာအကျဉ်းထောင်များမှ အကျဥ်းသား (၉၀၀၀)ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို ကရင်ပြည်နယ် အကျဉ်းထောင်နှင့်အကျဉ်း အလုပ်စခန်းမှ လွတ်မြောက်လာသူ အကျဉ်းသား(၂၀၀) ကျော်ပါဝင်‌ခဲ့‌သော်လည်း ၎င်းတို့အနက် နိုင်ငံရေးအကျဥ်းသား (၇) ဦးသာ လွတ်ငြိမ်းခွင့်တွင် ပါဝင်ခဲ့သည်။

ထို့အတူ တော်လှန်ရေးတက်ကြွလှုပ်ရှားသဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့အချိန်ထိ စစ်ကောင်စီ၏ ဖမ်းဆီး‌ ထိန်းသိမ်းခြင်းခံခဲ့ရသူ စုစုပေါင်း ( ၂၆,၅၃၄) ဦးအနက်(၂၀,၃၄၂) ဦးမှာ လက်ရှိအထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး (၈,၉၃၁) ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ ယနေ့စာရင်းပြုစုဖော်ပြချက်အရ သိရသည်။